“ယူကရိန်း၌ ပြည်ပတပ်များဖြန့်ကြက်မှုလက်ခံမည်မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ရော့ဗ် ပြောကြား”

04 Feb

ယူကရိန်း၌ ပြည်ပလက်နက်ကိုင်တပ်များနှင့် စစ်ရေးအခြေခံ အဆောက်အအုံများ ဖြန့်ကြက်မှု မှန်သမျှကို ပြည်ပ ကြားဝင်စွက်ဖက်မှုအဖြစ် မှတ်ယူမည်ဖြစ်ပြီး လက်ခံမည်မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ရော့ဗ် က ဖေဖော်ဝါရီလ ၂ ရက်တွင် ပြောကြားခဲ့သည်ဟု RT သတင်းဌာနကတွင် ဖော်ပြထားသည်။ ထို့ပြင် ယူကရိန်းနိုင်ငံ၌ဖြန့်ကြက်မည့် ပြည်ပလက်နက်ကိုင်တပ်များနှင့်စစ်ရေးအခြေခံ ဆောက်အအုံများကိုလည်း တရားဝင်စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထား သည်။ သို့ရာတွင် ယူကရိန်းပဋိပက္ခပြီးဆုံးရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြားဝင်ကြိုးပမ်းမှု များကိုမူ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်က ချီးကျူးခဲ့ကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန် ထားသည်။ အမေရိကန်၊ ရုရှား၊ ယူကရိန်းနိုင်ငံတို့သည် လေးနှစ်နီးပါးကြာ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရေး အတွက် ဒုတိယမြောက်သုံးပွင့်ဆိုင်ဆွေးနွေးမှုများကို ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့၌ ယခုရက်သတ္တပတ်အတွင်း ကျင်းပရန် စီစဉ်ထားသည်။ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရေးအတွက် လုံခြုံရေးအာမခံချက်များကိစ္စမှာ အဓိက အဟန့်အတားအဖြစ်ကျန်ရှိနေဆဲဖြစ်ပြီး လုံခြုံရေးအာမခံချက်တစ်ရပ်အဖြစ် ယူကရိန်း၌ ဥရောပတပ်များ ဖြန့်ကြက်ရန် အနောက်အုပ်စုနိုင်ငံများက အဆိုပြုထားသည်။ သို့ရာတွင် ယူကရိန်း၌ အနောက်အုပ်စုနိုင်ငံများမှ တပ်များဖြန့်ကြက်မှုကို လက်ခံမည်မဟုတ်ဟု ရုရှားအစိုးရက ပြောကြားထားကြောင်း RT သတင်းဌာန ဖော်ပြချက် သိရသည်။

04 Feb

ADVERTISE HERE .