စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်း ဇယ်လန်းစကီး ဆို

30 Jan

ပြင်းထန်သောအအေးဒဏ်ကို ယူကရိန်း ဖြတ်ကျော်နိုင်ရန်၊ ယူကရိန်းမြို့တော် ကိဗ်နှင့် အခြားမြို့နယ် များအား လေကြောင်းတိုက်ခိုက်မှုများကို ရက်သတ္တပတ်တစ်ပတ်ကြာရပ်ဆိုင်းရန် ရုရှားက သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ ထရမ့် က ပြောကြားခဲ့သည်ဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီး က ဇန်နဝါရီလ ၂၉ ရက် ညပိုင်းတွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်ဟု ၎င်းက ဆိုခဲ့သည်။ ဇယ်လန်းစကီး က ဤအပစ်အခတ်ရပ်စဲရေးသည် ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများနှင့် သက်ဆိုင်မှုရှိကြောင်း၊ စွမ်းအင်ဟာ လူနေမှုဘဝရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်ဟု ထပ်လောင်းပြောကြားခဲ့သည်။ ၎င်းက အမေရိကန်အပေါ် ကျေးဇူးတင်ကြောင်းဖော်ပြခဲ့ပြီး ယူကရိန်း-အမေရိကန်-ရုရှား သုံးနိုင်ငံသည် ယူအေအီး မြို့တော် အဘူဒါဘီတွင် ပြီးခဲ့သည့်ရက်သတ္တပတ် တွေ့ဆုံဆွေးနွေးမှုအတွင်း စွမ်းအင်အခြေခံ အဆောက်အအုံများ အပေါ် တိုက်ခိုက်မှုများကို ရပ်ဆိုင်းရန် ဆွေးနွေးခဲ့ဖူးကြောင်း ဖော်ပြခဲ့သည်။ ဇယ်လန်းစကီး က ယူကရိန်းအနေဖြင့် ဤအပစ်အခတ်ရပ်စဲရေး ကတိကဝတ်ကို အကောင်အထည် ဖော်နိုင်ရန် မျှော်လင့်ကြောင်း၊ ထိုကဲ့သို့သော အခြေအနေတင်းမာမှုလျှော့ချရေး အစီအမံတွေက စစ်ပွဲအား အမှန်တကယ် အဆုံးသတ်ရေးကိုဦးတည်ဖို့ အထောက်အကူပြုတယ်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ ရုရှားစစ်တပ်သည် ဇန်နဝါရီလ ၂၈ ရက်တွင် ယူကရိန်းစွမ်းအင် အခြေခံအဆောက်အအုံများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ရပ်ဆိုင်းရန် အမိန့်ရရှိခဲ့ကြောင်း Ukrainska Pravda သတင်းဌာနက ဇန်နဝါရီလ ၂၉ ရက်တွင် ရုရှားမီဒီယာများ၏ သတင်းများကို ကိုးကား၍ဖော်ပြခဲ့သည်။ သို့သော် ယူကရိန်းအစိုးရဘက်က ဤသတင်းကို အတည်မပြုရသေးပေ။ ယူကရိန်းသည် အစွန်းရောက်အအေးဒဏ်ကို ခံစားရလျက်ရှိကြောင်း၊ သီတင်းပတ်တစ်ပတ်အတွင်း ကိဗ်နဲ့ အခြားမြို့တော်တွေကို ပစ်ခတ်မှုတွေမလုပ်ဖို့ ကျွန်တော်ကိုယ်တိုင် ပူတင် ကို တောင်းဆိုခဲ့တယ်၊ သူသဘောတူ လိုက်ပြီဟု အမေရိကန်သမ္မတ ထရမ့် က ဇန်နဝါရီလ ၂၉ ရက်တွင် အိမ်ဖြူတော်၌ကျင်းပသော အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

30 Jan

ADVERTISE HERE .