တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံက ရေရှည်တည်ငြိမ်သော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်ရန် ရှီ-စတားမာ အစည်းအဝေး၌သဘောတူ
30 Jan
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် နှင့် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ကီယာစတားမာ တို့က နှစ်နိုင်ငံအား ရေရှည်တည်ငြိမ်သော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်ရန်ဆောင်ရွက်သွားမည်ကို ဇန်နဝါရီလ ၂၉ ရက်က ပေကျင်းမြို့၌ သဘောတူညီခဲ့ကြသည်။ အဆိုပါ အစည်းအဝေးအတွင်း သမ္မတ ရှီ က မျက်မှောက်ခေတ်ကမ္ဘာကြီးမှာ စိန်ခေါ်မှုများ၊ လှိုင်းလေထန်မှု များနှင့် ကြုံတွေ့ရလျက်ရှိသည့်အားလျော်စွာ တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များနှင့် အဓိကစီးပွားရေးနိုင်ငံများ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံစီးပွားရေးနှင့် ပြည်သူများ၏ လူမှုဘဝများကို မြှင့်တင်ပေးသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးကိုလည်း ထိန်းသိမ်းရန် အလို့ငှာ ဆွေးနွေးညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ပိုမိုကျယ်ပြန့်သောရှုထောင့်များမှ သမိုင်းကိုမြင်တွေ့နိုင်ရန် လိုအပ်ကြောင်းကို အလေးထားလျက် နှစ်နိုင်ငံ အနေဖြင့် မတူကွဲပြားမှုများကိုကျော်လွှားကာ အပြန်အလှန်လေးစားမှုကိုထိန်းသိမ်းရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာကို ထင်ရှားသောအောင်မြင်မှုများအဖြစ် ပြောင်းလဲဖော်ဆောင် နိုင်ကြောင်း၊ တရုတ်-ဗြိတိန် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အလားအလာသစ်များကို ဖွင့်လှစ်ကာ နှစ်နိုင်ငံ ပြည်သူများနှင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်ကြောင်းလည်း ရှီ က ပြောကြားခဲ့သည်။ ငြိမ်းချမ်းသောဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ ကတိပြုမှုကိုလည်း ရှီ က အလေးထားပြောကြားခဲ့ကာ တရုတ်နိုင်ငံအနေဖြင့် စစ်ပွဲကို မည်သည့်အခါမျှ စတင်မည်မဟုတ်သလို ပြည်ပမြေကို တစ်လက်မမျှပင် ကျူးကျော် သိမ်းပိုက်မည်လည်းမဟုတ်ကြောင်း ထည့်သွင်းပြောခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံက မည်သို့ပင်ဖွံ့ဖြိုးတိုးတက်နေစေကာမူ အခြားနိုင်ငံများကို ခြိမ်းခြောက်မည် မဟုတ်ကြောင်း လေးရက်ကြာ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ်လည်းကောင်း၊ ရှစ်နှစ်တာကာလအတွင်း ဗြိတိန် ဝန်ကြီးချုပ်၏ ပထမဆုံးအကြိမ် လာရောက်ခြင်းအဖြစ်လည်းကောင်း တရုတ်နိုင်ငံသို့ ဇန်နဝါရီလ ၂၈ ရက်က ရောက်ရှိ လာသည့် စတားမာ ကို ရှီ က ပြောကြားခဲ့သည်။ ထို့ပြင် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုက တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံ အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ အနှစ်သာရဖြစ်ကြောင်း၊ ထို့အတွက် နှစ်နိုင်ငံအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်း စသည်တို့၌ အပြန်အလှန်အကျိုးပြုသော ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့သွားသင့်ကြောင်း ရှီ က ဆိုသည်။ နှစ်နိုင်ငံအနေဖြင့် ဘုံဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုကိုရရှိရန် ဉာဏ်ရည်တုနည်းပညာ၊ ဇီဝသိပ္ပံ၊ စွမ်းအင်သစ်၊ ကာဗွန်လျော့နည်း နည်းပညာများနှင့် အခြားနယ်ပယ်များ၌ ပူးတွဲသုတေသနနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အသုံးပြုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတ ရှီ က ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံက တရုတ်စီးပွားရေးလုပ်ငန်းတွေအတွက် သာတူညီမျှ၍ တရားမျှတကာ ခွဲခြားဆက်ဆံမှုမရှိတဲ့ စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ပံ့ပိုးပေးမယ်လို့ ယုံကြည်ပါတယ်ဟု ရှီ ကဆိုသလို နှစ်နိုင်ငံအနေဖြင့် ပြည်သူ အချင်းချင်း၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် ခရီးသွားလာမှု ပိုမိုအဆင်ပြေချောမွေ့ရေးကိုလည်း မြှင့်တင်ရမည်ဟု ဖြည့်စွက် ပြောခဲ့သည်။ (Repost from Xinhua Myanmar)