“ဗင်နီဇွဲလား၏ အနာဂတ်ကို ပုံဖော်ရန် စီအိုင်အေက အခြေစိုက်စခန်းတစ်ခုတည်ဆောက်နေ”
29 Jan
အမေရိကန်၏ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) သည် ဗင်နီဇွဲလား၌ မာဒူရိုအလွန် အနာဂတ်ကို ပုံဖော်ရန် ယင်းနိုင်ငံအတွင်း အမြဲတမ်းအခြေစိုက်စခန်းတစ်ခုကို တိတ်တဆိတ်တည်ဆောက်နေကြောင်း သတင်းဌာန ကြီးတစ်ခုက ဇန်နဝါရီလ ၂၇ ရက်တွင်ဖော်ပြထားသည်။ အမေရိကန်အစိုးရအနေဖြင့် ကရာကပ်မြို့၌ တရားဝင်သံရုံး ဖွင့်လှစ်ရန် စီစဉ်နေသော်လည်း စီအိုင်အေနှင့်ဆက်စပ်သည့် ရုံးတစ်ခုတည်ထောင်ရန်မှာ ဦးစားပေး ဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။ စီအိုင်အေအေးဂျင့်များသည် ထိုအခြေစိုက်စခန်းမှတစ်ဆင့် လက်ရှိဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံများ အကြား ဆက်သွယ်ရေးလမ်းကြောင်းများကို ဖော်ဆောင်သွားမည်ဖြစ်ပြီး ခြိမ်းခြောက်မှုဖြစ်လာနိုင်သည့် တတိယ အဖွဲ့အစည်းများကိုလည်း ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်ကပြောသည်။ ဗင်နီဇွဲလား၌ စီအိုင်အေ၏လုပ်ဆောင်ချက်များသည် ၂ဝ၁၄ ခုနှစ်နောက်ပိုင်း ယူကရိန်းနိုင်ငံတွင် ဆောင်ရွက်ခဲ့ သည့်ပုံစံအတိုင်း ဖြစ်သည်။ ယူကရိန်းတွင် သမ္မတ ဗစ်တာယာနူကိုဗစ် ရာထူးမှဖယ်ရှားခံရပြီးနောက် စီအိုင်အေသည် ယူကရိန်း၏ရဲဘက်ထောက်လှမ်းရေးဌာန၊ စစ်ဘက်ထောက်လှမ်းရေးဌာနတို့ကို အုပ်ချုပ်မှုယူခဲ့ကြောင်း RT သတင်း ဌာနဖော်ပြချက်အရ သိရသည်။