“အီရန်အနေဖြင့် နျူကလီးယားသဘောတူညီချက် မပြုလုပ်လျှင် နောက်ထပ်တိုက်ခိုက်မှုက ပိုမိုပြင်းထန်မည်ဟု ထရမ့် သတိပေး”
29 Jan
အီရန်နိုင်ငံအနေဖြင့် နျူကလီးယားသဘောတူညီချက်တစ်ရပ်ကို အမြန်ဆုံးပြုလုပ်ရန်နှင့် သို့မဟုတ်ပါက နောက်ထပ်ပြုလုပ်မည့် တိုက်ခိုက်မှုသည် ယခင်ထက်များစွာ ပိုမိုပြင်းထန်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇန်နဝါရီလ ၂၈ ရက်တွင် သတိပေးခဲ့သည်။ အီရန်နိုင်ငံသည် နျူကလီးယားကင်းစင်ရေးအတွက် မျှတသောသဘောတူညီချက်ရရှိစေရန် ဆွေးနွေးပွဲ စကားဝိုင်းသို့ အမြန်ဆုံးလာရောက်ရေး ထရမ့် က လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းထားသည်။ ထို့ပြင် အချိန်အကန့်အသတ်ရှိကြောင်းနှင့် အကယ်၍သဘောတူညီမှုမရရှိပါက နောက်ထပ်ဖြစ်လာမည့်တိုက်ခိုက်မှုသည် ပြီးခဲ့သည့် ဇွန်လအတွင်းကပြုလုပ်ခဲ့သော Operation Midnight Hammer စစ်ဆင်ရေးထက်များစွာ ဆိုးရွားပြင်းထန်မည်ဖြစ်ကြောင်း ၎င်းကလူမှုကွန်ရက်၌ ပြောခြင်းဖြစ်သည်။ လက်ရှိတွင်အမေရိကန်၏ ကြီးမားသော စစ်ရေယာဉ်အုပ် အာမဒါ သည် အီရန်နိုင်ငံဘက်သို့ ဦးတည်ခုတ်မောင်းနေပြီး အဆိုပါစစ်ရေယာဉ်အုပ်တွင် USS Abraham Lincoln လေယာဉ်တင်သင်္ဘောလည်း ပါဝင်သည်။ ထိုစစ်ရေယာဉ်အုပ်သည် ဗင်နီဇွဲလားနိုင်ငံသို့စေလွှတ်ခဲ့သည့်အဖွဲ့ထက်ပင် ပိုမိုအင်အားတောင့်တင်းပြီး လိုအပ်ပါက လျင်လျင်မြန်မြန်နှင့် အင်အားအပြည့်တာဝန်ထမ်းဆောင်ရန် အသင့်ရှိကြောင်း ထရမ့် က ပြောထားသည်။ သို့သော် အီရန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်၏ ခြိမ်းခြောက်မှုအောက်တွင် မည်သည့်ဆွေးနွေးမှု မျှလုပ်မည်မဟုတ်ကြောင်း တုံ့ပြန်ထားသည်ဟု ST သတင်းဌာနဖော်ပြချက်အရ သိရသည်။