“ကျူးဘားနိုင်ငံအား ကူညီပံ့ပိုးပေးမည်ဟု တရုတ်နိုင်ငံ ကတိပြု”
28 Jan
အမေရိကန်နိုင်ငံ၏ ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေရသော ကျူးဘားနိုင်ငံအား လိုအပ်သည့် ကူညီပံ့ပိုးမှု နှင့်အကူအညီများပေးအပ်သွားမည်ဟု တရုတ်နိုင်ငံက ဇန်နဝါရီလ ၂၇ ရက်တွင် ကတိပြုလိုက်သည်။ ထို့ပြင် ကျူးဘားအပေါ် အမေရိကန်၏လုပ်ဆောင်ချက်များကို တရုတ်နိုင်ငံက အလွန်အမင်းစိုးရိမ်ကြောင်းနှင့် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂိုကျာကွန်းက ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကျူးဘားနိုင်ငံသည် ပြိုလဲရန်အသင့်ဖြစ်နေပြီဟု သတိပေးခဲ့ ပြီးနောက် ယခုကဲ့သို့ တရုတ်၏တုံ့ပြန်မှုထွက်ပေါ်လာခြင်း ဖြစ်သည်။ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရို ကို အမေရိကန်တပ်ဖွဲ့များက ဖမ်းဆီးပြီးနောက် ကျူးဘားအနေဖြင့် ဗင်နီဇွဲလားနိုင်ငံမှရရှိနေသည့် လောင်စာဆီနှင့်ငွေကြေးထောက်ပံ့မှုများ ပြတ်တောက်သွားမည်ဟု ထရမ့် က ပြောကြားထားသည်။ ထို့နောက် အမေရိကန်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ချက်ချင်းရုပ်သိမ်းပေးရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို မဖျက်ဆီးရန် တရုတ်နိုင်ငံက သတိပေးထားပြီး ကျူးဘားအား အမေရိကန်ဒေါ်လာသန်း ၈ဝ ထောက်ပံ့ပေးမည်ဟု ပြောထားကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။