“အမေရိကန်က ဒါဗို့မြို့၌ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို စတင်ဖွဲ့စည်းပြီး နိုင်ငံပေါင်း ၁၉ နိုင်ငံက ပဋိညာဉ်ကို ပါဝင် လက်မှတ်ထိုး”

23 Jan

အမေရိကန်နိုင်ငံ ဦးဆောင်သည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ဆွစ်ဇာလန်နိုင်ငံ ဒါဗို့မြို့၌ ဇန်နဝါရီလ ၂၂ ရက် တွင် တရားဝင်စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းနှင့် ထိုအဖွဲ့၏ပဋိညာဉ်ကို နိုင်ငံပေါင်း ၁၉ နိုင်ငံ က ပါဝင်လက်မှတ် ရေးထိုးလိုက်ကြောင်း သိရသည်။ ပဋိညာဉ်တွင် ပါဝင်လက်မှတ်ထိုးသည့် နိုင်ငံများမှာ အမေရိကန်၊ အာမေးနီးယား၊ အာဂျင်တီးနား၊ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ ဘူဂေးရီးယား၊ ဟန်ဂေရီ၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ ကာဇက်စတန်၊ မွန်ဂိုလီးယား၊ မော်ရိုကို၊ ပါကစ္စတန်၊ ပါရာဂွေး၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တူကီယဲ၊ အာရပ် စော်ဘွားများ ပြည်ထောင်စု၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့ ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၁၆ ရက်တွင် ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်း ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၊ ထရမ့်၏အထူးကိုယ်စားလှယ် စတိဝစ်ကော့၊ ထရမ့်၏သမက် ဂျဲရတ်ကုရှနာ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအာဂျေးဘန်ဂါနှင့် အမေရိကန်လက်ထောက်အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ် ဂါဘရီယယ် တို့ပါဝင်သည်။ ငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် ကုလသမဂ္ဂနှင့်ချိတ်ဆက်ကာ ကမ္ဘာ့ရေးရာများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဖွဲ့က လိုချင်သည့်အရာများကိုလည်း ကောင်းစွာအကောင်အထည်ဖော်နိုင် မည် ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်ကပြောထားသည်ဟု Sputnik သတင်းဌာနဖော်ပြချက် သိရသည်။

23 Jan

ADVERTISE HERE .