“တတိယအကြိမ်မြောက်အဖြစ် ငလျင်ဒဏ်ခံစားခဲ့ရသူများကို ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ပေးဝေ”
23 Jan
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ရှိ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသခံပြည်သူ များအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က တတိယအကြိမ်မြောက် ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ပေး ဝေခဲ့ပြီး ဒေသခံများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရပါတယ်။ အဆိုပါထောက်ပံ့မှုကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ နော်ဝေးနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်ကာ ငလျင်ပြန်လည်ထူထောင်ရေးအတွက် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ နန့်ပန်ရွာနှင့် ကေလာရွာတို့၌ ထောက်ပံ့ပေးဝေခဲ့ကြခြင်းဖြစ်ပါတယ်။ ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ပေးဝေမှုဆိုသည်မှာ မည်၍မည်မျှ သတ်မှတ်ထားခြင်းမျိုးမဟုတ်ဘဲ လိုအပ်ချက်အပေါ်မူတည်၍ ထောက်ပံ့ပေးအပ်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ အဆိုပါထောက်ပံ့မှုခရီးစဉ်ကို ယခုဇန်နဝါရီလ ၁၉ ရက်မှ ၂၂ ရက်အထိ သွားရောက်ခဲ့ကြခြင်းဖြစ်ပြီး ဒေသခံရပ်ရွာလူငယ်များနှင့် တွေ့ဆုံကာ အသင်း ၏ လူမှုကရုဏာလုပ်ငန်းများမှာ ကြက်ခြေနီစေတနာ လုပ်အားရှင်အဖြစ် ပါဝင်နိုင်မည့် နည်းလမ်းများကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အလုပ်အမှုဆောင်နှင့်အဖွဲ့က ပင်လောင်းမြို့နယ်သို့ သွားရောက်ကာ မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်များ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့် တွေ့ဆုံခဲ့ပြီး ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်း အခြေအနေနှင့် အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) က အသိပေးထားပါတယ်။ (NVS 004)