“ပဲခူးမြို့အတွင်း ပုဂ္ဂလိက အမှိုက်သိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူ”
23 Jan
ပဲခူးမြို့အတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပုဂ္ဂလိက အမှိုက်သိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လိုသူ မြန်မာနိုင်ငံသား/တိုင်းရင်းသား ကုမ္ပဏီများကို တင်ဒါစနစ်နဲ့ အဆိုပြုလွှာ ခေါ်ယူလျက်ရှိကြောင်း ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရပါတယ်။ အဆိုပြုလွှာခေါ်ယူရာမှာ ပဲခူးမြို့ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ရာမှာ အထောက်အကူ ဖြစ်စေရေးအတွက် မြို့၏မြစ်အရှေ့ဘက်ခြမ်းမှ ဘုရားကြီးမြို့အထိ အပိုင်း(၁)အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်များအတွက် တင်ဒါလျှောက်လွှာနှင့်စည်းကမ်းချက်များကို ပဲခူးမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှာ ဇန်နဝါရီလ ၂၁ ရက်မှစတင်၍ ရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် လာမည့် ဖေဖော်ဝါရီလ ၃ ရက်မှာ တင်ဒါလျှောက်လွှာများကို ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း သိရပါတယ်။ တင်သွင်းလာတဲ့ တင်ဒါလျှောက်လွှာများကို ပဲခူးမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဖေဖော်ဝါရီလ ၅ ရက် နံနက် ၁၀ နာရီမှာ ဖွင့်ဖောက်စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုသူများအနေနဲ့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်းလည်း ပဲခူးမြို့ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ ထုတ်ပြန်ထားပါတယ်။ (NVS 004)