ထရမ့် က ဂရင်းလန်းကျွန်းကိုရယူရန် တွန်းအားပေးလုပ်ဆောင်နေမှုကို ဒါဗို့စ်၌ ထပ်လောင်းပြောကြား၊ ဥရောပနှင့် နေတိုးအဖွဲ့အား ပြင်းပြင်းထန်ထန်ဝေဖန်
22 Jan
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ဇန်နဝါရီလ ၂၁ ရက်က ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည် အစည်းအဝေး၌ အထူးမိန့်ခွန်းပြောကြားစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဂရင်းလန်းကျွန်းအား အမေရိကန်သို့ လွှဲပြောင်းရယူရေးအတွက် တွန်းအားပေးလုပ်ဆောင်နေမှုကို ထပ်လောင်းပြောဆိုခဲ့ကာ ဥရောပနှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး)အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သဖြင့် အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးတင်းမာမှုကို ပိုမိုအရှိန်မြင့်တက်စေခဲ့သည်။ ဥရောပအနေဖြင့် မှန်ကန်သည့်လမ်းကြောင်းအတိုင်း ဦးတည်နေခြင်းမရှိကြောင်း၊ ဥရောပ၏ အစိတ်အပိုင်း အချို့အား သေချာပင်မသိတော့ကြောင်း၊ ယင်းမှာ အလွန်အပျက်သဘောဆောင်သည့် ပုံစံဖြစ်ကြောင်း ထရမ့် က ပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်း၌ ထရမ့် က ဥရောပ၏ ရွှေ့ပြောင်းအခြေချမူဝါဒများအပေါ် ထပ်မံဝေဖန်ခဲ့သလို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒလုပ်ငန်းစဉ်များကို ဆန့်ကျင်ကြောင်း ထပ်လောင်းပြောဆိုလျက် “သဘာဝ ပတ်ဝန်းကျင်ကို ဗန်းပြသည့် လိမ်ညာနည်းအသစ်” ဟု ထပ်မံသုံးနှုန်းခဲ့သည်။ ဆက်လက်၍ ရုပ်ကြွင်းလောင်စာ ထုတ်လုပ်မှု တိုးချဲ့ခြင်းနှင့် နျူကလီးယားစွမ်းအင် စီမံကိန်းသစ်များ ခွင့်ပြုမှုအား အရှိန်မြှင့်လုပ်ဆောင်ခြင်းတို့ကို အားပေးထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့ကာ ဥရောပ၏ စွမ်းအင်အခြေအနေမှာ ဈေးနှုန်းမြင့်တက်မှု၊ စွမ်းအင် အထောက်အပံ့ နည်းပါးမှုတို့ကြောင့် အလွန်ဆိုးရွားသောအဆင့်သို့ ရောက်ရှိနေသည်ဟုလည်း ၎င်းက ပြောသည်။ ဂရင်းလန်းအရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် ထရမ့် က အဆိုပါနယ်မြေအား အမေရိကန်သို့ လွှဲပြောင်း ရယူရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ အမြန်ဆုံးလုပ်ဆောင်ရန် တိုက်တွန်းခဲ့ပြီး ယင်းသည် မဟာဗျူဟာကျသော အမျိုးသားလုံခြုံရေး အကျိုးစီးပွားနှင့် နိုင်ငံတကာလုံခြုံရေး အကျိုးစီးပွားဖြစ်သည်ဟု ညွှန်းဆိုခဲ့သည်။ ၎င်းက ဂရင်းလန်းကျွန်းအား စစ်အင်အားဖြင့် သိမ်းယူမည်ဆိုခြင်းကို လူသိရှင်ကြားပယ်ချခဲ့ကာ ၎င်းအနေဖြင့် အင်အားအလွန်အကျွံ အသုံးပြုရန် ရည်ရွယ်ခြင်းမရှိသလို အမေရိကန်က ယင်းနယ်မြေကိုရယူနိုင်ရန် အလေးသာ သည့် အခြေအနေ၌ရှိနေသည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ “ကျွန်တော် အင်အားသုံးစရာမလိုပါဘူး။ ကျွန်တော် အင်အားမသုံးချင်ပါဘူး။ အင်အားသုံးမှာလည်း မဟုတ် ပါဘူး။ အမေရိကန်တောင်းဆိုနေတာက ဂရင်းလန်းဆိုတဲ့ နေရာတစ်နေရာကိုပါ” ဟု ထရမ့် က ဆိုသည်။ ထို့ပြင် ထရမ့် က နေတိုးမဟာမိတ်အဖွဲ့၏ ဝန်ထုပ်ဝန်ပိုးမျှဝေမှုပုံစံကို ထပ်မံဝေဖန်ခဲ့ကာ အမေရိကန် အနေဖြင့် အလွန်ပင်မမျှမတဆက်ဆံခံခဲ့ရပြီး မိတ်ဖက်များထက် နေတိုးအဖွဲ့အား အချိန်ကြာမြင့်စွာ ငွေကြေးပိုမို ထည့်ဝင်ခဲ့ရသည်ဟု ပြောကြားလျက် ဂရင်းလန်းကျွန်းအား ဒိန်းမတ်ထံမှ အမေရိကန်ထံသို့ လွှဲပြောင်းယူမှုကို သဘောတူလက်ခံရန် အဖွဲ့ဝင်နိုင်ငံများအား ဖိအားပေးတိုက်တွန်းခဲ့သည်။ “ကျွန်တော့်အမြင်မှာတော့ သူတို့က နေတိုးအဖွဲ့အတွက် ငွေကြေးထည့်ဝင်ခြင်းမရှိလို့ အဖွဲ့ရဲ့ကုန်ကျစရိတ် ကို ကျွန်တော်တို့ကပဲ ၁၀၀ ရာခိုင်နှုန်းပေးခဲ့ရတယ်။ ကျွန်တော်တို့ တောင်းဆိုနေတာက ဂရင်းလန်းရဲ့ ပိုင်ရှင်ဆိုတဲ့ မှန်ကန်တဲ့ဂုဏ်ပုဒ်အပါအဝင် ဂရင်းလန်းကို ရယူဖို့ပါပဲ။ ဂရင်းလန်းကို ကာကွယ်ဖို့ဆိုရင် ပိုင်ရှင်ဖြစ်ဖို့လည်း လိုအပ် တာကြောင့်ပါ” ဟု ထရမ့် က ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)