ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်ရောက်ရန် ဖိတ်ကြားချက်လက်ခံရရှိ၊ မဟာဗျူဟာမိတ်ဖက်များနှင့် ဆွေးနွေးသွားမည် ဟု ပူတင် ပြောကြား

22 Jan

အမေရိကန်က အစပြုသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ရုရှားပါဝင်ရန် အမေရိကန်သမ္မတ ထရမ့် က ဖိတ်ကြားခဲ့ကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ ရုရှားအနေဖြင့် မဟာဗျူဟာမိတ်ဖက်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် က ဇန်နဝါရီလ ၂၁ ရက်တွင် အတည်ပြုခဲ့သည်ဟု ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်၏ ယင်းနေ့ သတင်းများအရ သိရသည်။ ပူတင် က ၎င်းအနေဖြင့် အမေရိကန်ဘက်မှပေးပို့သော သက်ဆိုင်ရာဖိတ်ကြားချက် စာရွက်စာတမ်းများကို လေ့လာရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအား တာဝန်ပေးထားပြီးဖြစ်ကြောင်း၊ ထို့အပြင် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရုရှားမဟာဗျူဟာမိတ်ဖက်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထို့နောက်မှသာ အဆိုပါဖိတ်ကြားချက်ကို ဖြေကြားနိုင်မည်ဖြစ်ကြောင်း ယင်းနေ့တွင် ဗီဒီယိုလင့်ခ်ဖြင့်ကျင်းပသည့် ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အမြဲတမ်းကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့သည်။ ရုရှားအနေဖြင့် ယခင်ကသော်လည်းကောင်း၊ ယခုသော်လည်းကောင်း နိုင်ငံတကာတည်ငြိမ်ရေးအတွက် ရည်ရွယ်သည့် ကြိုးပမ်းမှုမှန်သမျှကို ထောက်ခံအားပေးကြောင်း ပူတင် က အလေးထားပြောကြားခဲ့သည်။ ရုရှားဘက်က လက်ခံရရှိသည့် အမေရိကန်၏ဖိတ်ကြားချက်တွင် အဓိကအားဖြင့် အရှေ့အလယ်ပိုင်းအရေး ဖြေရှင်းရန်၊ ပါလက်စတိုင်းပြည်သူများ ရင်ဆိုင်ရသည့် အရေးပေါ်ကိစ္စရပ်များနှင့် ဂါဇာကမ်းမြောင်ဒေသ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းတို့ကို ဖြေရှင်းရန်နှင့်ပတ်သတ်သည့် အကြောင်းအရာများ ပါဝင်ကြောင်း ပူတင် ၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ အဆိုပါကိစ္စရပ်များ၏ ဖြေရှင်းမှုနည်းလမ်းသည် ကုလသမဂ္ဂ၏ သက်ဆိုင်ရာဆုံးဖြတ်ချက်များအညီ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအား တက်ကြွစွာတွန်းအားပေးဆောင်ရွက်မည့် ရေရှည်ဖြေရှင်းနည်းကို ကြိုးပမ်း ရှာဖွေသင့်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ဂါဇာကမ်းမြောင်ဒေသနှင့် လူမှုအခြေခံအဆောက်အအုံ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ရေပေးဝေရေးစနစ် ပြန်လည်တည်ဆောက်ခြင်းနှင့် စားနပ်ရိက္ခာ စဉ်ဆက်မပြတ်ပံ့ပိုးမှုကို သေချာ စေခြင်းအပါအဝင် ပါလက်စတိုင်းပြည်သူများထံမှ ခေါင်းပုံဖြတ်လုယူ၍မရသော လိုအပ်ချက်နှင့် မျှော်လင့်ချက်များကို မုချမသွေ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ပူတင် က ပြောကြားခဲ့သည်။ ရုရှားနှင့် ပါလက်စတိုင်းပြည်သူများ၏ ထူးခြားသည့်ဆက်ဆံရေးကြောင့် ရုရှားဘက်က ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဆိုသော လုပ်ငန်းများတွင် ပါဝင်ရန်၊ မပါဝင်ရန် မဆုံးဖြတ်သေးသည့်တိုင် အမေရိကန်တွင် ပိတ်ဆို့ ခံထားရသည့် ရုရှားပိုင်ဆိုင်မှုများမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ခွဲဝေပြီး ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ပံ့ပိုးသွားမည် ဖြစ်ကြောင်း ပူတင် က ပြောကြားခဲ့သည်။ အမေရိကန်တွင် ရုရှားပိတ်ဆို့ခံထားရသည့် လက်ကျန်ပိုင်ဆိုင်မှုများကို ရုရှားနှင့် ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် စစ်ပွဲအလွန်ပြန်လည်တည်ဆောက်ရေးတွင် အသုံးပြုနိုင်ကြောင်း၊ ဤသို့သောပုံစံဖြင့် အမေရိကန်တွင် ပိတ်ဆို့ခံထားရသည့် ပိုင်ဆိုင်မှုများကို အသုံးပြုမည့်ဖြစ်နိုင်ခြေကို ရုရှားအနေဖြင့် အမေရိကန်ဘက်ကိုယ်စားလှယ်များနှင့် ဆွေးနွေးလျက်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲအလွန် အသွင်ကူးပြောင်းရေး စီမံခန့်ခွဲမှုကြီးကြပ်ရေးအတွက် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဆိုသည်ကို တည်ထောင်ကြောင်း အမေရိကန်အစိုးရက မကြာသေးမီရက်ပိုင်းတွင် ကြေညာခဲ့ပြီး နိုင်ငံ အများအပြားအား ပါဝင်ရန်ဖိတ်ခေါ်ခဲ့သည်။ ငြိမ်းချမ်းရေးဘုတ်အဖွဲ့အနေဖြင့် ပထမဦးစွာ ဂါဇာအရေးကို စီမံဖြေရှင်း မည်ဖြစ်ပြီး ထို့နောက် အခြားပဋိပက္ခများကို ဆက်လက်စီမံဖြေရှင်းမည်ဖြစ်ကြောင်း ထရမ့် က အင်တာဗျူးလက်ခံ ဖြေကြားစဉ် ပြောကြားခဲ့သည်။ အဆိုပါဘုတ်အဖွဲ့အတွက် အမြဲတမ်းအဖွဲ့ဝင်တန်ဖိုးကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကမ်းလှမ်းထားကြောင်း မီဒီယာအများအပြားက ဖော်ပြခဲ့သည်။ အမေရိကန်သည် ကုလသမဂ္ဂနှင့်စင်ပြိုင် အဖွဲ့အစည်းဖန်တီးလိုခြင်းက ကုလသမဂ္ဂ၏ ဩဇာအရှိန်အဝါနှင့် လုပ်ငန်းယန္တရားကို ထိခိုက်စေကြောင်း လူထုသဘောထားက ယူဆကြသည်။ (Repost from Xinhua Myanmar)

22 Jan

ADVERTISE HERE .