ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ဈေးဝယ်စင်တာမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် ၆၀ ဦးအထိ မြင့်တက်လာ

22 Jan

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းန်ပြည်နယ် မြို့တော်ကရာချိရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဇန်နဝါရီလ ၁၇ ရက်က မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် ၆၀ ဦးအထိ မြင့်တက်လာကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၁ ရက်က ပြောကြားခဲ့သည်။ ထိုနေ့တွင် ရဲတပ်ဖွဲ့သည် ဈေးဝယ်စင်တာ၏ ထပ်ခိုးအလွှာရှိ ဆိုင်ခန်းတစ်ခုတွင် သေဆုံးသူရုပ်အလောင်း အနည်းဆုံး ၃၀ ဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားစဉ်တွင် ၎င်းတို့သည် ကြိုးစား၍ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန် ဆိုင်ခန်းအတွင်း ကိုယ်တိုင်ပိတ်ထားခဲ့ကြခြင်းဖြစ်ကြောင်း ကရာချိတောင်ပိုင်းခရိုင် ဒုတိယရဲကြီးကြပ်မှူး Syed Asad Raza က ဒေသခံမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။ ဒေသန္တရအစိုးရသည် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ အကြမ်းဖက်ဝါဒနှင့် သက်ဆိုင်သည့် သက်သေအထောက်အထားများ မတွေ့ရှိသေးကြောင်း ကရာချိကော်မရှင်နာ Syed Hassan Naqvi က ပြောကြားခဲ့သည်။ အစီရင်ခံထားသည့် ပျောက်ဆုံးနေသူအရေအတွက်မှာ ၈၆ ဦးရှိပြီး ယင်းအနက် လူအချို့၏ရုပ်အလောင်းမှာ အပျက်အစီးများကြားတွင် တွေ့ရှိပြီးဖြစ်ကြောင်း တရားဝင်အချက်အလက် များကို ကိုးကား၍ ၎င်းက ပြောကြားခဲ့သည်။ ကရာချိမြို့ရှိ ဈေးဝယ်စင်တာတစ်ခု ဇန်နဝါရီလ ၁၇ ရက် ညပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့ဝင်များက မီးလောင်မှုမှာ ဝါယာကြိုးရှော့ဖြစ်ရာမှ ဖြစ်ပေါ်လာသည်ဟု သံသယရှိကြောင်းပြောကြားခဲ့သည်။ ယခုအကြိမ်မီးလောင်ကျွမ်းမှုကြောင့် စီးပွားရေးဆုံးရှုံးမှုသည် ပါကစ္စတန်ရူပီး ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၆၀ သန်းခန့်) အထိရှိကြောင်း ခန့်မှန်းတွက်ချက်မှုအရ သိရသည်။ (Repost from Xinhua Myanmar)

22 Jan

ADVERTISE HERE .