“ရုရှားကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့က ရွက်ဖျန်းဆေးရည်စက်ရုံ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် အကြံပြုဆွေးနွေး”
22 Jan
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိထိရောက်ရောက် အထောက်အကူ ဖြစ်စေ ရန် ရွက်ဖျန်းဆေးရည် ထုတ်လုပ်တဲ့ စက်ရုံထူထောင်ပြီး ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးနှင့် ပြည်ပသို့ တင်ပို့ နိုင်မှု အခွင့်အလမ်းများကို စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ရုရှားနိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ်နှင့် OSNONA ကုမ္ပဏီမှ Founder & CEO ဖြစ်သူ Mr. Mark Zalutskii တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နှင့် ဇန်နဝါရီလ ၂၀ ရက်တွင် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာ့စိုက်ပျိုးရေးကဏ္ဍတွင် ရုရှားပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေးစဉ် ပဲပုပ်၊ နှမ်း၊ စပါးသီးနှံများ၌ ရင့်မှည့်ချိန်မတိုင်မီနှင့် ရိတ်သိမ်းချိန်၌ အသီးများကွဲထွက်ခြင်း၊ အသီးများကြွေခြင်း စတာ တွေကြောင့် သီးနှံအလေအလွင့်ဖြစ်ပေါ်ဆုံးရှုံးခြင်းတို့ကို ကျော်လွှားနိုင်တဲ့ ရွက်ဖျန်းဆေးရည် Yantol(ရန်တိုးလ်) ထုတ်ကုန်များကို ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် သုတေသနအစီအစဉ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် သုတေသနရလဒ်များ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို OSNONA ကုမ္ပဏီမှ Founder & CEO က ရှင်းလင်းတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ရန်တိုးလ်ရွက်ဖျန်းဆေးရည်များ မြန်မာနိုင်ငံသို့ တင်သွင်းခြင်း၊ ပြည်တွင်း၌ ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး ပံ့ပိုးပေးသွားမည့် အစီအမံများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ (NVS 004)