“ရွေးကောက်ပွဲနှောင့်ယှက်၍ အ‌ရေးယူခံရသူဦးရေ ၄၀၀ ကျော်အထိရှိနေ”

22 Jan

လက်ရှိအပိုင်းလိုက်ကျင်းပနေတဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ပျက်ပြား‌စေရန် နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူခြင်းများပြုလုပ်နေရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်အထိ ပြည်ထောင်စု နယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”အရ အရေးယူဆောင်ရွက်မှု ၃၃၀ မှုမှာ အရေးယူခံထားရသူ ၄၀၄ ဦး ရှိတယ်လို့ သိရပါတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီရဲ့ သတ္တမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၀ ရက်က နေပြည်တော်၌ ကျင်းပခဲ့ရာမှာ ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အခုလိုထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ အရေးယူခံထားရသူများမှာ အမျိုးသား ၃၂၄ ဦး၊ အမျိုးသမီး ၈၀ ဦး၊ စုစုပေါင်း ၄၀၄ ဦးရှိခဲ့ပြီး ဆက်လက်၍ ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများကို စုံစမ်း ဖော်ထုတ်အရေးယူခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမယ်လို့ အဆိုပါ ကော်မတီမှ သိရပါတယ်။ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) တို့နှင့်ပတ်သက်၍ အပိုင်း(၁)မှာဆန္ဒမဲလာရောက် ပေးခဲ့မှု ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း၊ အပိုင်း(၂)မှာ ၅၅ ဒသမ ၉၅ ရာခိုင်နှုန်းအထိရှိခဲ့ပြီး လာမယ့်ရွေးကောက်ပွဲအပိုင်း (၃)မှာ ပြည်သူများလုံခြုံမှုရှိစွာနဲ့ မဲပေးနိုင်ရေး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် လုံခြုံရေးစီမံချက်များကို ထိရောက်စွာပူးပေါင်းဆောင်ရွက်သွားရမယ်လို့ ကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ (NVS 004)

22 Jan

ADVERTISE HERE .