“အဂတိလိုက်စားမှု ကျဆင်းစေရေးရန် SMS မှတစ်ဆင့် မေးမြန်းနိုင်တဲ့ အစီအစဉ်စတင်ဆောင်ရွက်”
22 Jan
အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေးရန်ရည်ရွယ်၍ ဖုန်း SMS မှတစ်ဆင့် မေးမြန်းနိုင်တဲ့ အစီအစဉ်ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အသိပေးကြေညာထားပါတယ်။ အဆိုပါအစီအစဉ်ကို အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme – PFP)” ဟုအမည်ပေးထားပြီး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အစိုးရရုံး/ ဌာနများမှာ ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှ တစ်ဆင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်းတဲ့ မေးခွန်းများမေးမြန်းခြင်းနဲ့ တုံ့ပြန်မှုများရယူနိုင်မှာဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ဟာ အစိုးရဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရေးနှင့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်နေသည့် ကိစ္စရပ်ဖြစ်သောကြောင့် Short Code နံပါတ် “1111” မှတစ်ဆင့် SMS နဲ့ ပေးပို့မေးမြန်းသော မေးခွန်းများကို ပြည်သူများက အကြံပြုဖြေကြား ပေးခြင်းနဲ့ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ၏ လိုအပ်ချက်နှင့်အားနည်းချက်များကို သိရှိပြုပြင်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ပြည်သူများအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးနိုင်ရန်နှင့် ပြည်သူများက သက်သာသောနှုန်းထားနဲ့ SMS များ ပြန်လည်ဖြေကြားပေးနိုင်ရေး ဆက်သွယ်ရေး အော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း အသိပေးထားပါတယ်။ (NVS 004)