“(၁၈) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲပွဲတော်ကို ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ကျင်းပမည်”
22 Jan
ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ (၁၈) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲပွဲတော်ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အသင်း ၃၆ သင်းဝင်ရောက် ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ လာမယ့်ဇန်နဝါရီလ ၃၁ ရက်(၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်) ညနေ ၄ နာရီမှာ အရှေ့ဘက် အောက် ပစ္စယာ ထန်းပင်ကုန်းကွင်းမှာ ရွှေတိဂုံစေတီတော်ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ အခွန်ထမ်းများ၊ မိတ်ဖက်အသင်းများ နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဌာနများမှ အသင်းများပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီလ ၁ ရက်(တပို့တွဲလပြည့်နေ့) နံနက် ၅ နာရီမှာလည်း ဧည့်ခံတန်ဆောင်းနှင့် ရွှေစေတီ တန်ဆောင်း၌ ထမနဲဆွမ်းတော်ကြီး ကပ်လှူခြင်း၊ ဩဝါဒပါတိမောက် အခါတော်နေ့ အခမ်းအနားကျင်းပခြင်း၊ နံနက် ၅ နာရီခွဲမှာ သံဃာတော် ၆၄ ပါးတို့ကို အရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ နံနက် ၆ နာရီမှာ ဘုရားအမှူးပြုသော သံဃာတော် ၆၄ ပါးတို့ကို ထမနဲဆွမ်းတော်ကြီးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ နံနက် ၇ နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေခြင်း စသည်ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာ့ရိုးရာထမနဲပွဲတော်မှာ အလှူတော်ငွေကျပ် ၁၀,၀၀၀ နှင့်အထက် ပါဝင်ကုသိုလ်ယူလှူဒါန်းတဲ့ အလှူရှင် များကို ထမနဲလက်ဆောင်များ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း၊ ထမနဲတစ်ဒယ်လျှင် ကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် ရဟန်းရှင်လူပြည်သူအများ ပါဝင်ကုသိုလ်ပြုနိုင်ပါကြောင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူလည်း ပါဝင်ကုသိုလ်ယူနိုင်ပါ ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အသိပေးနှိုးဆော်ထားပါတယ်။ (NVS 004)