“တရုတ်နိုင်ငံက အာကာသမစ်ရှင်နှစ်ခုလွှတ်တင်ခဲ့ရာ မစ်ရှင်နှစ်ခုစလုံး အောင်မြင်မှုမရှိခဲ့”
21 Jan
တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၁၇ ရက်တွင် အာကာသမစ်ရှင်နှစ်ခုလွှတ်တင်ခဲ့ရာ မစ်ရှင်နှစ်ခုစလုံး အောင်မြင်မှုမရှိခဲ့ကြောင်း ဇန်နဝါရီလ ၁၉ ရက်တွင် သတင်းများထုတ်ပြန်ချက်အရ သိရသည်။ တရုတ်အခြေစိုက် ဂလက်စတစ် မစ်နာဂျီအာကာသနည်းပညာကုမ္ပဏီသည် ၎င်း၏စီးရက်စ်-၂ ဒုံးပျံသစ်ကို ဇန်နဝါရီလ ၁၇ ရက်တွင် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ချိကွမ်းအာကာစခန်းမှတစ်ဆင့် လွှတ်တင်ခဲ့သည်။ သို့ရာတွင် လွှတ်တင်ပြီး နောက် စီးရက်စ်-၂ ဒုံးပျံ၌ စနစ်ဖောက်ပြန်မှုများဖြစ်ပွားခဲ့ပြီး မစ်ရှင်ပျက်ပြားခဲ့ရကြောင်း ဂလက်စတစ် အင်နာဂျီ ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။ ဂလက်စတစ်အင်နာဂျီကုမ္ပဏီသည် စီးရက်စ်-၂ ဒုံးပျံသစ်ကို ပထမဆုံးအကြိမ် စမ်းသပ်လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ အလားတူ တရုတ်အမျိုးသားအာကာသအေဂျင်စီသည် ရှီကျိယန်-၃၂ အမည်ရှိ ဂြိုဟ်တုကို လောင်းမတ်ချ်-၃ ဘီ ဒုံးပျံဖြင့် စီချွမ်ပြည်နယ် ရှီချွန်းဂြိုဟ်တု လွှတ်တင်ရေးစခန်းမှ တစ်ဆင့် လွှတ်တင်ခဲ့သည်။ သို့ရာတွင် လွှတ်တင်ပြီးနောက် လောင်းမတ်ချ်-၃ ဘီ ဒုံးပျံ၌ စနစ်ဖောက်ပြန်မှုများရှိခဲ့ပြီး မစ်ရှင်ပျက်ပြားခဲ့ရ ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။