“ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်မှုများလျော့နည်းစေရန် ဆောင်ရန်ရှောင်ရန်အချက်များကို MRCS မှ နှိုးဆော်”

21 Jan

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်မှုများလျော့နည်းစေရန် ဆောင်ရန်ရှောင်ရန်အချက်များကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း( MRCS) က ဇန်ဝါရီလ ၂၀ ရက်မှာ နှိုးဆော်ထားပါတယ်။ ငလျင်ဘေးအန္တရာယ်က ကြိုတင်သတိပေးချက်မရရှိဘဲ ရုတ်တရက် ဖြစ်ပွားတတ်သဖြင့် ပျက်စီးဆုံးရှုံးမှု များစေတဲ့ ဘေးအန္တရာယ်တစ်ခုဖြစ်တယ်လို့ အသိပေးမျှဝေထားပါတယ်။ ဒါကြောင့် ငလျင်မလှုပ်မီအချိန် လေးလံ သောပစ္စည်းများကို အမြင့်မှာတင်မထားရန်၊ မှန်ပြတင်း၊ တံခါးများအနီးတွင် အိပ်စက်ခြင်းမပြုရန်၊ ဆွေးနေသော အပိုင်းအစများကို ပြင်ဆင်ထားရန်၊ လျှပ်စစ်မီးအိမ် ဖယောင်းတိုင်၊ ရှေးဦးပြုစုခြင်းဆေးသတ္တာနှင့် အခြားအရေးပေါ် ပစ္စည်းများ အသင့်ဆောင်ထားရန်၊ လျှပ်စစ်မိန်းခလုတ် တည်ရှိရာနေရာကို သိထားရန်၊ ငလျင်အန္တရာယ်ဇာတ်တိုက် လေ့ကျင့်မှုများနှင့် အခြားဘေးဒုက္ခဆိုင်ရာ ပညာပေးပြန်ကြားမှု အစီအစဉ်များကို စာသင်ကျောင်းများမှာ ဆောင်ရွက် ရန်တို့ကို နှိုူးဆော်ထားပါတယ်။ ဒါ့အပြင် ငလျင်လှုပ်နေသောအချိန်မှာ ကြောက်လန့်တကြားမဖြစ်ရန်၊ အဆောက်အအုံတစ်ခု(သို့မဟုတ်) အိမ်အတွင်း၌ ရှိနေပါက အပြင်သို့ထွက်ရန်၊ စားပွဲအောက်၌နေခြင်း၊ ပုန်း၍ရသောနေရာ၌ နေရန်၊ မှန်ပြတင်းတံခါး များနှင့်ဝေးအောင်နေရန်၊ အဆောက်အအုံပြင်ပ၌ ရှိနေပါက နေမြဲတိုင်းနေရန်၊ ဓာတ်ကြိုး/ဓာတ်တိုင်များလဲကျခြင်း၊ သစ်ပင်များ၊ အုတ်နံရံများ ပြိုလဲကျမည့်နေရာမှ လွတ်ကင်းအောင်ရန်၊ ဓာတ်ငွေ့သိုလှောင်ကန်များအနီး၌ မီးခြစ် မခြစ်ရန်၊ ဓာတ်လှေကားမစီးရန်၊ တံတားများ၊ ခုံးကျော်တံတားများပေါ်၌ ယာဉ်မောင်းနှင်ခြင်းမပြုရန်၊ ဘေးကင်းမည့် နေရာသို့ မောင်းသွားပြီး ရပ်ထားရန်၊ ငလျင်လှုပ်ချိန်တွင် အိုင်၊ ပင်လယ်၊ သမုဒ္ဒရာများအနီးအနားသို့ ရောက်ရှိနေပါက ကုန်းမြေမြင့်ရှိရာသို့ ချက်ခြင်းပြေးတက်၍ ဆူနာမီရေလှိုင်းများက ပင်လယ်အတွင်းသို့ ဆွဲချခြင်းမခံရအောင် ရှောင်တိမ်းရန်၊ အထပ်မြင့်အဆောက်အအုံများအတွင်း လူအများပိတ်မိနေပါက စုပြုံတိုးထွက်ခြင်းမပြုရန် နှိုးဆော် ထားပါတယ်။ ဆက်လက်ပြီး ငလျင်လှုပ်ပြီးသောအချိန်တွင်လည်း မိမိကိုယ်တိုင်နှင့် အခြားသူများ ထိခိုက်ပြတ်ရှမိခြင်းများ ရှိ/မရှိစစ်ဆေးရန်၊ ရှေးဦးပြုစုခြင်းလိုအပ်ပါက ဆောင်ရွက်ရန်၊ လျှပ်စစ်မီးကြိုးများ၊ ရေပိုက်များ၊ လောင်စာ ဆီသိုလှောင်ကန်များကို စစ်ဆေးရန်၊ ပျက်စီးမှုရှိပါက ဖြတ်တောက်ရန်/ပိတ်ထားရန်၊ ရှူးဖိနပ်၊ သို့မဟုတ် လည်ရှည် ဖိနပ်များစီး၍ ခြေထောက်ကို မှန်အကွဲအစများ မစူးရှအောင်ကာကွယ်ရန်၊ ပေါက်ပြဲ၍လျှပ်စစ်စီးနေသော ဝိုင်ယာကြိုး များကို သတိထားရန်၊ လျှပ်စစ်ဌာနသို့ ဓာတ်အားဖြတ်တောက်ပေးရေး အကြောင်းကြားရန်၊ ပင်လယ်အနီးသို့ သွားရောက်ခြင်းမပြုရန်၊ အရေးပေါ်ကိစ္စအတွက်သာ တယ်လီဖုန်းအသုံးပြုရန်၊ ပျက်စီးနေသော အဆောက်အအုံများ နှင့် ဝေးရာမှာနေရန်၊ သင့်ရပ်ရွာ၏ အရေးပေါ်အစီအစဉ်များအတိုင်း လိုက်နာရန်နှင့် သင်နေထိုင်ရာအရပ်မှ ရွှေ့ပြောင်း လိုပါက အရေးပေါ်လိုအပ်တဲ့ပစ္စည်းများ တစ်ပါတည်းယူဆောင်သွားရန် အသိပေးနှိုးဆော်ထားပါတယ်။ (NVS 004)

21 Jan

ADVERTISE HERE .