“၉ လအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၈,၀၀၀ နီးပါးခန့် တင်ပို့ထား”
21 Jan
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၉ လတာအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၈,၀၀၀ နီးပါးတင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ အဆိုပါကာလအတွင်း ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုတို့မှ စုစုပေါင်းပုစွန်မက်ထရစ်တန် ၇,၉၉၅ ဒသမ ၂၂၂ အထိ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၆၅၈ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းထွက် ပုစွန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့မှုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကာလတူမှာ မက်ထရစ်တန် ၆,၂၅၃ ဒသမ ၀၂၄ တန် တင်ပို့နိုင်ခဲ့တဲ့ရာ ယခုနှစ်တင်ပို့မှုက ယမန်နှစ်ကာလတူထက် ၁,၇၄၂ ဒသမ ၁၉၈ တန် ပိုမိုတင်ပို့နိုင်ခဲ့ တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပုစွန်အပါအဝင် ရေထွက်ကုန်များကို ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့နေခြင်းဖြစ်ပြီး ရန်ကုန်မှတစ်ဆင့်တင်ပို့နေတဲ့ ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းအပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကိုပါ အသုံးပြု၍ တိုက်ရိုက်တင်ပို့လျက်ရှိကြောင်းလည်း သိရပါတယ်။ (NVS 004)