“နိုင်ငံတော်ယာယီသမ္မတမှ အရှည် ၈၇၆ ပေရှိ သံလွင်တံတား(တာဆန်း)ကို ဖွင့်လှစ်ပေးခဲ့”

21 Jan

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ကို ဆက်သွယ်ထားတဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးရှိ သံလွင်မြစ်ကူးတံတား(တာဆန်း)ကို ဇန်နဝါရီလ ၂၀ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ နိုင်ငံတော်ယာယီသမ္မတမှ သံလွင်တံတား(တာဆန်း)ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်တဲ့ ဒေါက်တာချာလီသန်း၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ယာယီသမ္မတထံ သံလွင်တံတား (တာဆန်း)ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်ကာ သံလွင်တံတား(တာဆန်း)ကို ဖြတ်သန်း ကြည့်ရှုခဲ့ကြပါတယ်။ အဆိုပါ သံလွင်တံတား(တာဆန်း)ဟာ တံတားအရှည် ၈၇၆ ပေရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၃ ပေ၊ ဆိုင်ကယ်လမ်း တစ်ဖက် ၅ ပေစီနဲ့ စုစုပေါင်းတံတားအကျယ် ၃၃ ပေရှိတဲ့ သံမဏိသံပေါင်တံတားဖြစ်ပါတယ်။ ရေလမ်းကင်းလွတ်အကျယ် ၂၈၀ ပေရှိပြီး ရေလမ်းကွင်းလွတ်အမြင့် ၃၄ ပေရှိကာ ပေ ၉၀၀ ရှိသံလွင်တံတား(တာဆန်း)ကြိုး တံတားဟောင်းအနီးမှာ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ တံတားသစ်တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ကို ဆက်သွယ်ထားတဲ့ တောင်ကြီး - နမ့်စန် - မိုးနဲ - မိုင်းပန် - မိုင်းတုံ - မိုင်းဆတ် - တာချီလိတ် လမ်းကြောင်းကို အသုံးပြု၍ ကုန်စည်ကူးသန်းသွားလာမှုများကို ပိုမိုလွယ်ကူမြန်ဆန်စွာဆောင်ရွက်နိုင်မည်ဖြစ်ရာ ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူများစွာဖြစ်လာစေမှာ ဖြစ်ပါတယ်။ (NVS 004)

21 Jan

ADVERTISE HERE .