“ရွှေစက်တော်ဘုရားပွဲတော်အတွင်း ဆင်ပြတိုက်ဖွင့်လှစ်ပြသပေးသွားမည်”
21 Jan
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲကာလအတွင်း ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းမှာ ဆင်ပြတိုက်ဖွင့်လှစ်ပြသပေးသွားမယ်လို့ သိရပါတယ်။ ယခုနှစ်မန်းရွှေစက်တော်ဘုရားပွဲကာလမှာ ဆင်ပြတိုက်ဖွင့်လှစ်၍ အများပြည်သူဗဟုသုတရရှိနိုင်မယ့် ဆင်နှင့်ပတ်သက်တဲ့ အချက်အလက်များ ရုပ်လုံးသွင်းဆင်ရုပ်ထုနှင့် ဆင်အသုံးအဆောင်ပစ္စည်များကို ခင်းကျင်း ပြသပေးသွားမည်ဖြစ်တယ်လို့ သိရပါတယ်။ မန်းရွှေစက်တော်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကြီးက ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်အထိ (တပို့တွဲလ ဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်ထိ) ရက်ပေါင်း ၈၆ ရက်ကြာ ကျင်းပပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ ဆင်ပြတိုက်ထဲမှာ ဆင်ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ဆင်စွယ်တပ်ဆင်ထားသော ဆင်အမျိုးအစားခွဲခြားတဲ့ ဆင်ခေါင်း ရုပ်ထုများ၊ ဆင်များတပ်ဆင်အသုံးပြုတဲ့ အသုံးဆောင်ပစ္စည်များ၊ ဆင်ဖမ်းနည်းသရုပ်ပြကွက်၊ တရားမဝင်ရောင်းဝယ် ခွင့်မပြုတဲ့ ဆင်စွယ်တို့နဲ့ ပြုလုပ်ထားသော မြန်မာ့အနုပညာလက်ရာပစ္စည်းများ၊ တောဆင်များမှာ တပ်ဆင်တဲ့ ခြေရာခံလည်ပတ် (Radio Collar)နှင့် ကင်မရာထောင်ချောက်၊ ဆင်ရုပ်လုံးသွင်းရုပ်ထုစသည့် ဆင်နှင့်ပတ်သက်သော ပစ္စည်းများကို ခင်းကျင်းပြသပေးသွားမှာ ဖြစ်ပါတယ်။ ဆင်စခန်းကို ဖွင့်လှစ်ချိန်ကို နေ့စဉ်နံနက် ၇ နာရီမှညနေ ၆ နာရီ အချိန်ထိ သတ်မှတ်ထားကာ ဆင်စခန်းရှိတည်းခိုဆောင်များမှာ ညအိပ်တည်းခိုနားနေနိုင်ကြောင်းလည်း သိရပါတယ်။ (NVS 004)