“ချန်ပီယံဆုအပြင် အကောင်းဆုံးဆုကိုပါ ရရှိခဲ့တဲ့ မာနေး”

20 Jan

၂၀၂၅ အာဖရိကဖလားဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက အိမ်ရှင်မော်ရိုကိုအသင်းကို အနိုင်ယူပြီး ချန်ပီယံဆု ဖလားရရှိခဲ့သလို ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ဆီနီဂေါတိုက်စစ်မှူး မာနေး က ရရှိသွားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် မာနေး ဟာ အခုပြိုင်ပွဲတစ်လျှောက် ဆီနီဂေါအသင်းကို ဦးဆောင်ကစားပေးနိုင်ခဲ့သလို ဗိုလ်လုပွဲမှာလည်း အရုပ်ဆိုးမယ့် ဖြစ်ရပ်ကနေ ဆီနီဂေါအသင်းကို ဆွဲထုတ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဗိုလ်လုပွဲရဲ့ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ မော်ရိုကိုအသင်းကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆီနီဂေါ နည်းပြက သူ့ကစားသမားတွေကို ဆက်မကစားဘဲ ကွင်းအတွင်းက ထွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဆီနီဂေါကစားသမားအချို့ အဝတ်လဲခန်းထဲကို ဝင်သွားခဲ့ကြပြီး ပွဲချိန် ၁၇ မိနစ်လောက် ရပ်နားထားခဲ့ရ ပါတယ်။ ဒါပေမယ့် မာနေး က အဝတ်လဲခန်းအတွင်းမှာ ကစားသမားတွေနဲ့ ဆွေးနွေးခဲ့ပြီးနောက် ကွင်းအတွင်းကို ဦးဆောင်ပြီး ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ မော်ရိုကိုအသင်း ရရှိခဲ့တဲ့ ပင်နယ်တီကို ဒီယက်ဇ် ကန်သွင်းရာမှာ ဆီနီဂေါဂိုးသမား မန်ဒီ ကာကွယ်နိုင်ခဲ့လို့ ပွဲက အချိန်ပိုဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာတော့ ဆီနီဂေါကွင်းလယ်လူ ပါပီဂူယီ က အဖိုးတန် အနိုင်ဂိုးကို သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ ဆီနီဂေါအသင်းအနိုင်ရရှိခဲ့ပြီး အာဖရိကဖလားကို ၅ နှစ်အတွင်း ဒုတိယအကြိမ် မြောက် ရရှိသွားခဲ့ပါတယ်။ အခုပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံးအာဖရိကဖလားပြိုင်ပွဲလို့ ပြောထားခဲ့တဲ့ မာနေး ကလည်း အမှတ်တရဖြစ်ခဲ့ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

20 Jan

ADVERTISE HERE .