“ချင်းမိုင်မြို့မှာ ကျင်းပတဲ့ရိုးရာထီးပွဲတော်တွင် မြန်မာပုသိမ်ထီးနှင့် ယဉ်ကျေးမှုအက ဝင်‌‌ရောက်ဖျော်ဖြေ”

20 Jan

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ချုပ်က ချင်းမိုင်မြို့မှာ ကျင်းပတဲ့ (၄၁) ကြိမ်မြောက် ဘော်ဆန်း ရိုးရာထီး ပွဲတော်နှင့် ဆန်ကဖန်လက်မှုအနုပညာပြပွဲ (Bo Sang Umbrella & San Kamphaeng Handicrafts Festival) ကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့ က တက်ရောက်ခဲ့ပြီး မြန်မာ့ရိုးရာပုသိမ်ထီးနှင့်တွဲဖက်၍ မြန်မာ့ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီလ ၁၇ ရက်က ချင်းမိုင်ခရိုင်၊ ဆန်ကဖန်မြို့နယ် မြူနီစီပယ်ရုံးက ဦးဆောင်၍ ကျင်းပ ပြုလုပ်တဲ့ (၄၁) ကြိမ်မြောက် ဘော်ဆန်းရိုးရာထီးပွဲတော်နှင့် ဆန်ကဖန်လက်မှုအနုပညာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဘော်ဆန်းထီးပွဲတော်သည် ထိုင်းရိုးရာယဉ်ကျေးမှုကို ထုတ်ဖော်ပြသတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး ချင်းမိုင်ခရိုင်မှာ သာမက ထိုင်းနိုင်ငံတစ်ဝန်းမှာ ထင်ရှားသော ပွဲတော်တစ်ခုဖြစ်ကာ ဒေသဆိုင်ရာ ရိုးရာယဉ်ကျေးမှုလက်မှုအနုပညာ လက်ရာများကို ထိန်းသိမ်းရန်နှင့် ကမ္ဘာလှည့်ခရီးသွားများကို စွဲဆောင်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ်ဇန်နဝါရီလမှာ ကျင်းပလေ့ရှိတဲ့ ပွဲတော်တစ်ခုဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲတော်မှာ စက္ကူနှင့်ဝါးများဖြင့် ပြုလုပ်ထားတဲ့ ဘော်ဆန်းထီးများကို ရိုးရာအမွေအနှစ်တစ်ခုအဖြစ် ဂုဏ်ယူစွာပြသလေ့ရှိတဲ့ ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာက လန်းနားဘုရင်နိုင်ငံ (ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ)မှ ထိုင်းလူမျိုးဘုန်းတော်ကြီးတစ်ပါးက မြန်မာနိုင်ငံသို့ရောက်ရှိစဉ် တွေ့ရှိခဲ့သော မြန်မာ့ ရိုးရာပုသိမ်ထီးယဉ်ကျေးမှုကို ထိုင်းနိုင်ငံသို့ ယူဆောင်လာခဲ့ပြီး အဆိုပါဘော်ဆန်ထီးကို ဖန်တီးခဲ့ခြင်းဖြစ်တဲ့ အတွက် မြန်မာ့ရိုးရာပုသိမ်ထီးယဉ်ကျေးမှုနှင့် ဘော်ဆန်ထီးယဉ်ကျေးမှုတို့အကြား ဆက်နွယ်လျက်ရှိခြင်းဖြစ်ကြောင်း သိရပါတယ်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့က ဘော်ဆန်းရိုးရာထီးပွဲတော်နှင့် ဆန်ကဖန်လက်မှု အနုပညာပြပွဲ၏ လှည့်လည်ဖျော်ဖြေပွဲမှာ မြန်မာ့ရိုးရာပုသိမ်ထီးအလှနှင့်တွဲဖက်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကများနဲ့ ဖျော်ဖြေ တင်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါလှည့်လည်ဖျော်ဖြေပွဲသို့ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး နှင့်အတူ ချင်းမိုင်မြို့တွင် ဖွင့်လှစ် ထားရှိတဲ့ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ အမေရိကန်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ အိန္ဒိယနိုင်ငံကောင်စစ်ဝန်ရုံး၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ယဉ်ကျေးမှုအဖွဲ့များ၊ ချင်းမိုင်ခရိုင်တွင် ဖွင့်လှစ်ထားသောတက္ကသိုလ်များနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဆန်ကဖန်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာချင်းစီကိုယ်စားပြု ထီးအလှပြယာဉ်များနဲ့ ပါဝင်ခဲ့ကြောင်းလည်း သိရပါတယ်။ (NVS 004)

20 Jan

ADVERTISE HERE .