အမေရိကန်၏ စည်းကြပ်ခွန်ခြိမ်းခြောက်မှုက လက်ခံနိုင်ဖွယ်မရှိဟု မက်ခရွန် ဆို
19 Jan
အမေရိကန်သမ္မတ ထရမ့် က ဇန်နဝါရီလ ၁၇ ရက်တွင် ဂရင်းလန်းကျွန်းအား ထောက်ခံသည့် ဥရောပနိုင်ငံ များအပေါ် စည်းကြပ်ခွန်ထပ်တိုးကောက်ခံမည်ဟု ကြေညာပြီးနောက် ပြင်သစ်သမ္မတ မက်ခရွန် က ထိုစည်းကြပ်ခွန် ခြိမ်းခြောက်မှုသည် လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ဥရောပအနေဖြင့် စည်းလုံးညီညွတ်စွာ တုံ့ပြန်ရင်ဆိုင်သွားမည် ဖြစ်ကြောင်း လူမှုမီဒီယာ၌ပို့စ်တင်၍ ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုအား ကာကွယ် ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိပြီး ယင်းကို အကြောင်းပြုလိုက်နာကာ ဒိန်းမတ်နိုင်ငံက အချုပ်အခြာအာဏာ ကာကွယ်ထိန်းသိမ်းခြင်းကို ထောက်ခံအားပေးကြောင်း၊ ထို့ကြောင့် ဒိန်းမတ်က ဂရင်းလန်းကျွန်းတွင် လုပ်ဆောင်မည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဂရင်းလန်းကျွန်း အရေးကိစ္စသည် အာတိတ်ဒေသ လုံခြုံရေးနှင့် ဥရောပနယ်စပ်ဒေသလုံခြုံရေးနှင့် သက်ဆိုင်ကြောင်း မက်ခရွန် က ပြောကြားခဲ့သည်။ “ဘယ်အကျပ်ကိုင်မှု ခြိမ်းခြောက်မှုမဆို ကျွန်တော်တို့ကို ယိမ်းယိုင်အောင် မလုပ်နိုင်ပါဘူး ဟု မက်ခရွန်က ရေးသားဖော်ပြခဲ့သည်။ စည်းကြပ်ခွန်ခြိမ်းခြောက်မှုက လက်ခံနိုင်ဖွယ်မရှိသလို အချိန်အခါနဲ့လည်း မသင့်လျော်ပါဘူး။ ဥရောပက သွေးစည်းညီညွတ်စွာစုပေါင်းပြီး ညှိနှိုင်းကိုင်တွယ်စီမံကာ ဥရောပအချုပ်အခြာအာဏာကို အတူတကွ ကာကွယ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ အမေရိကန်သည် ဖေဖော်ဝါရီလ ၁ ရက်မှစကာ အမေရိကန်သို့တင်ပို့သည့် ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတန်၊ နယ်သာလန်နှင့် ဖင်လန်နိုင်ငံတို့မှ ထုတ်ကုန်များအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုး ကောက်ခံမည်ဖြစ်ကြောင်း၊ ထပ်တိုးကောက်ခံသည့် စည်းကြပ်ခွန်နှုန်းထားကို ဇွန်လ ၁ ရက်မှစ၍ ၂၅ ရာခိုင်နှုန်းအထိ မြှင့်တင်သွားမည်ဖြစ်ရာ ယင်းသည် သက်ဆိုင်ရာဘက်အနေဖြင့် အမေရိကန်က ဂရင်းလန်းကျွန်းအား ဘက်စုံ အပြည့်အဝ ဝယ်ယူမှုအတွက် သဘောတူညီချက် ရရှိပြီးသည်အထိဖြစ်ကြောင်း ထရမ့် က ထိုနေ့အစောပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ ဒိန်းမတ်ရှိ အဆိုပါကျွန်းတွင် လုပ်ဆောင်မည့် Arctic Endurance စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်အတွက် နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်နှင့် ဖင်လန် စသည့် ဥရောပနိုင်ငံများက လတ်တလော ရက်ပိုင်းတွင် ဂရင်းလန်းကျွန်းသို့ စစ်သည်များစေလွှတ်ခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)