ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကာလအတွင်း ယူကရိန်းနှင့် အမေရိကန် ဆက်လက်ဆွေးနွေး ညှိနှိုင်းမည်
19 Jan
ယူကရိန်း-အမေရိကန် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့၌ ကျင်းပသည့် ကမ္ဘာ့ စီးပွားရေးဖိုရမ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကာလအတွင်း အမေရိကန်က ယူကရိန်းအပေါ် လုံခြုံရေး အာမခံပေးမှု သဘောတူညီချက်နှင့် ယူကရိန်းစီးပွားရေး သာယာဝပြောရေး သဘောတူညီချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရန် သဘောတူညီခဲ့ကြောင်း ယူကရိန်းဘက် ဆွေးနွေးညှိနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ယူကရိန်း အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး Rustem Umerov က ဇန်နဝါရီလ ၁၈ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ ယူကရိန်းဘက် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၁၇ ရက်တွင် အမေရိကန်သို့ရောက်ရှိ၍ အမေရိကန် ဘက်နှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ယူကရိန်းမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ နှစ်ဖက်အဖွဲ့များ အနေဖြင့် အထက်ပါသဘောတူညီချက်နှစ်ရပ်အား အကောင်အထည်ဖော်မည့် လက်တွေ့ယန္တရားအကြောင်း အဓိကထားဆွေးနွေးခဲ့ကြောင်း Rustem Umerov က ဆိုသည်။ အမေရိကန်ဘက် ဆွေးနွေးညှိနှိုင်းမှု ကိုယ်စားလှယ် များတွင် သမ္မတ အထူးသံတမန် Steve Witkoff၊ သမ္မတ ထရမ့်၏ သားမက် Jared Kushner၊ စစ်တပ်ဝန်ကြီး Daniel Driscoll နှင့် အိမ်ဖြူတော် အဆင့်မြင့်အကြံပေးပုဂ္ဂိုလ် Josh Greenbaum တို့ ပါဝင်သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီး က ထိုညတွင် ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ “Rustem Umerov အနေဖြင့် ၎င်းထံသို့ အမေရိကန်ဘက်နှင့် ဆွေးနွေးညှိနှိုင်းမှုအခြေအနေအား တင်ပြပြီးဖြစ်ကြောင်း၊ (ယူကရိန်း-အမေရိကန်) နှစ်ဖက်က အကြိမ်များစွာဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ပြီးပါပြီ။ အခု စစ်ပွဲအဆုံးသတ်ရန် လိုအပ်တဲ့ သဘောတူညီချက် စာရွက်စာတမ်းနဲ့ပတ်သက်ပြီး လုပ်ငန်းလုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့သည်။ ဇယ်လန်းစကီး က ယူကရိန်း-အမေရိကန် ကိုယ်စားလှယ်အဖွဲ့များ၏ အမေရိကန်၌ ညှိနှိုင်းဆွေးနွေးမှုအတွင်း အမေရိကန်က ယူကရိန်းအပေါ် လုံခြုံရေးအာမခံပေးမှု သဘောတူညီချက်နှင့် ယူကရိန်းစီးပွားရေး သာယာဝပြောရေး သဘောတူညီချက်များကို နောက်ဆုံးအတည်ပြုနိုင်မည်ဆိုပါက ၎င်းနှင့် ထရမ့် တို့သည် ဒါဗို့စ်မြို့၌ အဆိုပါ သဘောတူညီချက်နှစ်ရပ်အား လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း၊ သို့သော် ရှေးဦးစွာ အမေရိကန်ဘက်က ရာသက်ပန်လုံခြုံရေးအာမခံချက် ပေးရမည်ဖြစ်ပြီး ယူကရိန်းဘက်ကလည်း လက်တွေ့ဘဏ္ဍာရေးအရ ပံ့ပိုးပေးမှု ရရှိရမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၆ ရက်တွင် ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့၌ ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)