ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင်က အီရန်အား ထောက်ခံအားပေးကြောင်းပြောကာ အမေရိကန်က သူတစ်ပါးနိုင်ငံ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်သည်ဟု ပြစ်တင်ပြောကြား

19 Jan

လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် Naim Qassem က ဇန်နဝါရီလ ၁၇ ရက်တွင် အမှာစကား ပြောကြားရာ၌ အီရန်အပေါ် ထောက်ခံအားပေးကြောင်းပြောပြီး အမေရိကန်က သူတစ်ပါးနိုင်ငံ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်သည်ဟု ပြစ်တင်ပြောကြားခဲ့သည်။ Naim Qassem က ထိုနေ့အမှာစကားပြောကြားမှုအတွင်း အီရန်နိုင်ငံ၏ လတ်တလောအခြေအနေနှင့် စပ်လျဉ်း၍ သုံးသပ်ပြောကြားရာ၌ အမေရိကန်အစိုးရသည် တစ်ကမ္ဘာလုံး၌ ဒီမိုကရေစီ၊ လွတ်လပ်သော နိုင်ငံရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးရန်ကြိုးပမ်းနေကြောင်း၊ ဘဏ္ဍာရေး၊ ရေနံ စသည့် အရင်းအမြစ်များကို လုယူခြင်းဖြင့် အခြားနိုင်ငံများအပေါ် ထိန်းချုပ်မှုလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်ဟု လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ပိုင် Al-Manar TV ၏ သတင်းဖော်ပြချက်အရ သိရသည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ပြည်တွင်း၌ စီးပွားရေးပြဿနာကြောင့် ဖြစ်ပေါ်လာသော ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုကို အသုံးချ၍ မတည်မငြိမ်လှုပ်ခတ်မှုနှင့် ရှုပ်ထွေးမှုများဖန်တီးခြင်းကို Naim Qassem က ပြစ်တင် ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေး ထောက်လှမ်းရေးအဖွဲ့အစည်းများနှင့် ပတ်သက်မှုရှိသော ကိုယ်စားပြု ပုဂ္ဂိုလ်များသည်လည်း ထိုဖြစ်ရပ်အတွင်းပါဝင်နေပြီး မတည်ငြိမ်သောအခြေအနေအား လှုံ့ဆော်ဖန်တီးရန် ကြိုးပမ်း နေကြောင်း၊ သို့သော် သက်ဆိုင်ရာကြိုးပမ်းမှုသည် အောင်မြင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဗင်နီဇွဲလားအရေးနှင့်စပ်လျဉ်း၍ အမေရိကန်၏လှုပ်ရှားမှုသည် ဗင်နီဇွဲလားသဘာဝအရင်းအမြစ် အထူးသဖြင့် ရေနံအရင်းအမြစ်အပေါ် တပ်မက်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ အမေရိကန်၏ နယ်မြေချဲ့ထွင်ရေး ရည်မှန်းချက် သည် ဗင်နီဇွဲလားကို ဦးတည်သည်သာမက ဂရင်းလန်းကျွန်း၊ ကျူးဘား၊ ကနေဒါနှင့် ဥရောပသမဂ္ဂ အထိပါ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကြောင်း Naim Qassem က ပြောကြားခဲ့သည်။ လက်ဘနွန် ပြည်တွင်းအခြေအနေနှင့်စပ်လျဉ်း၍ Naim Qassem က လက်ဘနွန်နိုင်ငံအစိုးရအနေဖြင့် နိုင်ငံတော်လုံံခြုံရေးအတွက် တာဝန်ယူသင့်ကြောင်း၊ သို့သော် အမေရိကန်နှင့် အစ္စရေးတို့က ကျူးကျော်မှု လုပ်ဆောင် ချက်များ ဆက်တိုက်လုပ်ဆောင်နေခြင်းနှင့် အချို့သောလက်ဘနွန် ပြည်တွင်းအင်အားစုများက ပြည်ပအကျိုးအမြတ် အုပ်စုများနှင့် တွဲဖက်လုပ်ဆောင်နေခြင်းကြောင့် လက်ဘနွန်၏တည်ငြိမ်မှုကို မဖော်ဆောင်နိုင်သေးကြောင်းဆိုသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ အား အကောင်အထည်ဖော်မှု၊ လက်နက် သီးသန့် ထိန်းချုပ်ခွင့်နှင့် နိုင်ငံတော်လုံခြုံရေးမဟာဗျူဟာ စသည့် အရေးကိစ္စများမှာ လက်ဘနွန်၏ ပြည်တွင်းရေးသာ ဖြစ်ကြောင်းလည်း Naim Qassem က ထပ်လောင်းပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

19 Jan

ADVERTISE HERE .