ကာလရှည်ပြစ်ဒဏ်မှ ကင်းလွတ်ခဲ့သည့် မူဒရစ် ချဲလ်ဆီးအသင်းနှင့် ပြန်လည်ပူးပေါင်း
19 Jan
ချဲလ်ဆီးအသင်း တောင်ပံတိုက်စစ်ကစားသမား မူဒရစ် က ကာလရှည်ပွဲပယ်ပြစ်ဒဏ်မှ ပြန်လည် လွတ်မြောက်ခဲ့လို့ အသင်းနှင့်ပြန်လည်ပူးပေါင်းကာ လေ့ကျင့်မှုများ စတင်ပြုလုပ်နေကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ မူဒရစ် အနေနဲ့ တားမြစ်ဆေးသုံးစွဲမှုကြောင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ပွဲပယ်ပြစ်ဒဏ် ချမှတ် ခံထားရသူဖြစ်ပြီး ယခုနှစ်ဇန်နဝါရီလ ၁၇ ရက်တွင် ပြစ်ဒဏ်မှကင်းလွတ်ခဲ့သည့်အတွက် အသင်းနှင့်ပြန်လည် ပူးပေါင်းကာ လေ့ကျင့်မှုများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် မူဒရစ် ဟာ ၂၀၂၂ ခုနှစ်က ရှက်တာဒိုးနက်အသင်းမှ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ရှက်တာဒိုးနက်အသင်းတွင် ကစားခဲ့စဉ်က ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြသခဲ့သော်လည်း ချဲလ်ဆီးအသင်းတွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်ခဲ့ရပါတယ်။ မူဒရစ် အနေနဲ့ ချဲလ်ဆီးအသင်းနှင့်အတူ သုံးရာသီအတွင်း ပြိုင်ပွဲစုံ ၇၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၀ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)