မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးများကို ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံသို့ပါ တင်ပို့နိုင်‌ရေး ဆောင်ရွက်လျက်ရှိ

19 Jan

မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးကို ပြည်တွင်းစားသုံးမှုအပြင် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရုံသာမက တရုတ်နိုင်ငံသို့ပါ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ လက်ရှိတွင် ထောပတ်သီးရာသီကုန်ချိန်၌ အရောင်းအဝယ်ကောင်းမွန်နေပြီး ဈေးကောင်းရရှိနေကြောင်းနှင့် ယခုနှစ်တွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံသို့ တင်ပို့ခြင်းမရှိလို့ ထောပတ်သီးများ အဝယ်နည်းခဲ့ကြောင်း သိရပါတယ်။ မြန်မာ့ထောပတ်သီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရအောင် ကြိုးစားနေပြီး တရားဝင် တင်ပို့ခွင့်ရရှိ ယခုထက်ပို၍ ဈေးကောင်းရရှိနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံ‌ဒေသများနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီးတွင် ပြင်ဦးလွင်ဒေသတို့၌ လည်းကောင်း စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။(NVS 004)

19 Jan

ADVERTISE HERE .