မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အားကစားကွင်း/အားကစားရုံများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

19 Jan

မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၁၈ ရက်တွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစား ကွင်းသို့သွားရောက်၍ ငလျင်အပြီး ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းရှိ ဗထူးမိုးလုံလေလုံ အားကစားရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက အားကစားကွင်းနှင့် အားကစားရုံများအား သတ်မှတ်စံချိန်/စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးအတွက် သက်ဆိုင်ရာကုမ္ပဏီ၊ အရည်အသွေးစစ်ဆေးသည့် (QC)ကုမ္ပဏီနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် ဘောလုံးကွင်းမြက်ခင်းများ စိမ်းလန်းစိုပြေစေရေးနှင့် ဘောလုံးကွင်းရေစိမ့်မြောင်းများ ကောင်းမွန်စေရေးတို့ကို မှာကြားခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးနိုင်စေရေး၊ သိပ္ပံသင်တန်းသားနှင့် မျိုးဆက်သစ်လူငယ် အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ထပ်မံမှာ ကြားခဲ့ပါတယ်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းဝန်ထမ်း များနှင့်တွေ့ဆုံကာ ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။(NVS 004)

19 Jan

ADVERTISE HERE .