ဖွဲနုဆီကြိတ်ခွဲသန့်စင်စက်ရုံ တည်ဆောက်နေမှုနှင့် ပဲပုပ်ဆီ ကြိတ်ခွဲထုတ်လုပ်နေမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
19 Jan
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ရှိ တန် ၁ဝဝ ဖွဲနုဆီကြိတ်ခွဲသန့်စင်(MGND Solvent Extraction and Refinery Plant) တည်ဆောက်နေမှုနှင့် MGND ၏ ရွှေတောင်ဆီစက်ရုံတွင် တန် ၂၀ ကျ စက် ၁၈ လုံးဖြင့် ပဲပုပ်ဆီ ကြိတ်ခွဲထုတ်လုပ်နေမှုလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း က တာဝန်ရှိသူများနှင့် ဇန်နဝါရီလ ၁၇ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ တန် ၁၀ဝ ဖွဲနုဆီကြိတ်ခွဲသန့်စင်စက်ရုံကို MGND Co.,Ltd. မှ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်အတွင်း ရွှေလီလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် တည်ဆောက်နေမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့က MGND Co.,Ltd. ၏ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ရှိ ရွှေတောင် ဆီစက်ရုံ၌ တန် ၂၀ ကျ စက် ၁၈ လုံးဖြင့် ရှမ်းပြည်နယ်မှ စိုက်ပျိုးထွက်ရှိသော ပဲပုပ်စေ့များမှတစ်ဆင့် ပဲပုပ်ဆီ ကြိတ်ခွဲထုတ်လုပ်နေမှုများ၊ ဘူးခွံပြုလုပ်နေမှုများ၊ ဘူးခွံအတွင်း ဆီထည့်သွင်းနေမှုများ၊ ဆီသန့်စင်နေမှုများ၊ ဆီရောင်းချရန် ထုပ်ပိုးမှုများနှင့် လုပ်ငန်းဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံစေရေးအတွက် မျိုးစေ့မှသည် စားသုံးဆီ(Seeds to Oil)နှင့် အဆင့်မြင့်တိရစ္ဆာန်အစာကုန်ကြမ်းများ ထုတ်လုပ်ရရှိနိုင်စေရေးအတွက် စိုက်ပျိုး နည်းပညာများ တိုးတက်မြင့်မားလာစေရေး၊ ဆီကြိတ်ခွဲထုတ်လုပ်မှုနည်းပညာများ မြှင့်တင်နိုင်စေရေးနှင့် နိုင်ငံခြားမှ တင်သွင်းနေရသည့် အဆင့်မြင့်တိရစ္ဆာန်အစာကုန်ကြမ်းများအား ပြည်တွင်းမှထုတ်လုပ်နိုင်မှုဖြင့် မွေးမြူရေးလုပ်ငန်း ရှင်များအတွက် လုပ်ငန်းဆောင်ရွက်မှုအဆင်ပြေစေရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးပြီး လုပ်ငန်းများ အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)