၂၀၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အတွင်း ကော်ဖီ ၁၀၆ ဧက တိုးချဲ့စိုက်ပျိုးရန်လျာထား
19 Jan
မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အတွင်း ကော်ဖီ ၁၀၆ ဧက တိုးချဲ့စိုက်ပျိုးရန်လျာထားကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ကော်ဖီပျိုးပင်များကို ကြိုတင်ပျိုးထောင်ထားရှိပြီး အဆိုပါပျိုး ပင်များကို တောင်သူများအား အခမဲ့ဖြန့်ဝေပေးကာ တိုးချဲ့စိုက်ပျိုးမည့်အပြင် တောင်သူများအား ကော်ဖီပင်များ အတွက် လိုအပ်သောဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးနည်းစနစ်များကို ပံ့ပိုးကူညီကာ ရောဂါပိုးမွှားများ ကာကွယ် နှိမ်နင်းနိုင်ရန် ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ မွန်ပြည်နယ်၌ ရိုဘတ်စတာမြေနိမ့် ကော်ဖီပင်များကို နှစ်ရှည်သီးနှံပင်ဖြစ်သော ရော်ဘာပင်များအကြား စိုက်ပျိုးထားရှိပြီး ထိုကဲ့သို့စိုက်ပျိုးခြင်းဖြင့် တောင်သူများအတွက် ဝင်ငွေတိုးတက်ရရှိစေရန်၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာစေရန်နှင့် လူနေမှုဘဝများ တိုးတက်မြင့်မားလာစေရန် ရည်မှန်းထား ကြောင်း သိရပါတယ်။ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများ စိုက်နည်းစနစ်မှန်ကန်စေရန်၊ မျိုးကောင်းမျိုးသန့်များ ရရှိစေရန်နှင့် ကော်ဖီပင်များကို လျာထားဧကပြည့်မီစေရန် လိုအပ်သည်များ ပံ့ပိုးကူညီမှာဖြစ်ပြီး လာမည့်နှစ်များတွင် လည်း ကော်ဖီစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ မွန်ပြည်နယ်အတွင်း ကော်ဖီစိုက် ဧကပေါင်း ၁၁၆ ဧက စိုက်ပျိုးထားရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ကော်ဖီစိုက်ဧကပေါင်း ၁၀၆ ဧကခန့် တိုးချဲ့စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။(NVS 004)