၂၀၂၅ ခုနှစ် ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
19 Jan
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အောင်မင်္ဂလာခန်းမ၌ ၂ဝ၂၅ ခုနှစ် ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး များအား ထပ်ဆင့်ဂုဏပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရပါတယ်။ ရှေးဦးစွာ သာသနာ့ဝေပုလ္လကျောင်းတိုက်ဦးစီး ပဓာနနာယက နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဝိဒ ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည် ကြပါတယ်။ ဆက်လက်၍ ၂ဝ၂၅ ခုနှစ် ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်အဆောင်အယောင် များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ၂ဝ၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲတို့တွင် ဖြေဆို အောင်မြင်ခဲ့ကြသော သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြပါတယ်။ ထို့နောက် ရေလည်ကျောင်းတိုက်ဦးစီးပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ သိမ်တောင်နိကာယာဓိပတိ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ လာဘာဝတ ထံမှ ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အောင်မင်္ဂလာခန်းမရှေ့၌ သံဃာတော်များအား အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့ကြကြောင်းသိရပါတယ်။(NVS 004)