ဂရင်းလန်းကျွန်းတွင် ကာကွယ်ရေးအင်အားတိုးမြှင့်ရန် ဂျာမနီ၊ ပြင်သစ်နှင့် ဆွီဒင်တို့က ကာကွယ်ရေး တပ်ဖွဲ့များစေလွှတ်
19 Jan
ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးဌာနက ဂရင်းလန်းတွင် ၎င်း၏ကာကွယ်ရေးအင်အား တိုးမြှင့်မည်ဟု ကြေညာ ခဲ့ပြီး ဂျာမနီ၊ ပြင်သစ်နှင့် ဆွီဒင်တို့က ဒိန်းမတ်၏တောင်းဆိုချက်အရ ၎င်းနေရာသို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့ကြောင်းပြောကြားခဲ့သည်။ အမေရိကန်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒိန်းမတ်နယ်မြေဖြစ်သည့် ဂရင်းလန်း ကို ထိန်းချုပ်သင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ထပ်ခါတလဲလဲ ပြောဆိုခဲ့ပြီးနောက် ယခုလှုပ်ရှားမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂရင်းလန်းသည် အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အရေးကြီးကြောင်းလည်း ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သည်။ သို့သော် ဒိန်းမတ်နှင့် ဂရင်းလန်းအာဏာပိုင်တို့က အမေရိကန်၏ ထိန်းချုပ်ရန် ကြိုးပမ်းချက်များကို ဆန့်ကျင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးဌာနက ဂရင်းလန်းတွင် ဒိန်းမတ်တပ်ဖွဲ့များ၏ တိုးမြှင့်လေ့ကျင့်ရေးလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၈ ရက်က ကြေညာခဲ့သည်။ ပထဝီနိုင်ငံရေး တင်းမာ မှုများသည် အာတိတ်ဒေသသို့ ပျံ့နှံ့လျက်ရှိပြီး ဒိန်းမတ်နိုင်ငံ၌ ကာကွယ်ရေးအင်အား တိုးမြှင့်ရန်လိုအပ်ကြောင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး ထရိုရယ်စ် လန်ပေါဆန် က သတင်းထောက်များအား ပြောကြားခဲ့သည်။ ဒိန်းမတ်၏ တောင်းဆိုချက်အရ ဂျာမနီ၊ ပြင်သစ်နှင့် ဆွီဒင်တို့က ဂရင်းလန်းသို့ ၎င်းတို့၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ဒိန်းမတ်နှင့် အဓိကမဟာမိတ်များသည် အာတိတ်ဒေသ၌ ၎င်းတို့၏ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဥရောပမီဒီယာတစ်ခု၏ သတင်းရင်းမြစ်ကို ကိုးကား၍ NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။