တောင်ကိုရီးယားက အဖျက်စွမ်းအားပြင်း အမြင့်ပျံဒုံးကျည်များကို ရှေ့တန်းစခန်းများ၌ စတင်ဖြန့်ကြက်

19 Jan

တောင်ကိုရီးယားနိုင်ငံက အဖျက်စွမ်းအားပြင်း သမားရိုးကျ အမြင့်ပျံဒုံးကျည်ဖြစ်သည့် Hyunmoo-5 ဒုံးကျည် ကို ရှေ့တန်းစခန်းများ၌ စတင်ဖြန့်ကြက်လိုက်ပြီဖြစ်ကြောင်း စစ်ဘက်တာဝန်ရှိသူများက ဇန်နဝါရီလ ၁၈ ရက်တွင် ပြောသည်။ အဆိုပါဒုံးကျည်ကို ၎င်းသယ်ဆောင်နိုင်သည့် ထိပ်ဖူးအပေါ်မူတည်၍ ဧရာမဒုံးကျည်ဟုလည်းခေါ်သည်။ အလေးချိန် ရှစ်တန်အထိရှိသည့်ထိပ်ဖူးကို သယ်ဆောင်နိုင်စွမ်းရှိသော မြေပြင်မှမြေပြင်ပစ် အဆိုပါဒုံးကျည်သည် ယမန်နှစ် နှောင်းပိုင်းကတည်းက ရှေ့တန်းစခန်းများ၌ ဖြန့်ကြက်ထားခြင်းဖြစ်ပြီး ၂ဝ၃ဝ ပြည့်နှစ် အရောက်တွင် စစ်ဆင်ရေးအတွက် အပြည့်အဝဖြန့်ကြက်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။ Hyunmoo-5 ဒုံးကျည်သည် မြေပြင်အောက်တွင်ရှိသည့် ကွပ်ကဲမှုဘန်ကာများ အပါအဝင် မြေအောက်စခန်း များအားလုံးကို ပစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်းရှိသည့် ဒုံးကျည်ဖြစ်ပြီး ၂ဝ၂၄ ခုနှစ်နှင့် ၂ဝ၂၅ ခုနှစ်တို့တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားများ၌ တရားဝင်ထုတ်ဖော်ပြသခဲ့သော ဒုံးကျည်ဖြစ်သည်။ အဆိုပါဒုံးကျည်သည် ပေါက်ကွဲအားအလွန်ပြင်းထန်သည့် ထိပ်ဖူးကိုသယ်နိုင်စွမ်းရှိကြောင်း၊ သယ်ဆောင်နိုင်သည့် ဝန်အားကို လျှော့ချလိုက် ပါက မိုင်ပေါင်း ၁,၈၆၄ မိုင်အထိ ရောက်ရှိနိုင်ကြောင်း၊ ထိုအကွာအဝေးသည် တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားနှင့်ပင် နှိုင်းယှဉ်နိုင်ကြောင်း၊ ယင်းအတွက်ကြောင့် ထိုဒုံးကျည်သည် တောင်ကိုရီးယား၏ စွမ်းအားအပြင်းဆုံးဒုံးကျည် ဖြစ်ကြောင်း SCMP သတင်းဌာန‌ဖော်ပြချက်အရ သိရသည်။

19 Jan

ADVERTISE HERE .