ဂရင်းလန်းကျွန်းကိစ္စကန့်ကွက်သည့် NATO အဖွဲ့ဝင်နိုင်ငံများကို သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမည်ဟု ထရမ့် ခြိမ်းခြောက်
18 Jan
ဂရင်းလန်းကျွန်းကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်သည့် NATO အဖွဲ့ဝင်နိုင်ငံများကို သွင်းကုန်အခွန် တိုးမြှင့် ကောက်ခံသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ခြိမ်းခြောက်လိုက်ကြောင်းသိရသည်။ ယခုကဲ့သို့ ထရမ့်၏ခြိမ်းခြောက်မှုကြောင့် အမေရိကန်နှင့်ဥရောပမဟာမိတ်နိုင်ငံများကြား တင်းမာမှုများ မြင့်တက်လာ သကဲ့သို့ NATO တပ်ဖွဲ့၏စည်းလုံးမှုနှင့်ပတ်သက်၍ မသေချာမှုများကို ထွက်ပေါ်လာစေသည်။ အမေရိကန် နိုင်ငံအနေဖြင့် ဧရိယာပမာဏကျယ်ဝန်းပြီး သယံဇာတပေါကြွယ်ဝသည့် ဂရင်းလန်းကျွန်းကို အမေရိကန်၏ လက်အောက်သို့ မဖြစ်မနေသွတ်သွင်းမှုပြုမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၁၆ ရက်တွင် ထပ်လောင်းအတည်ပြုပြောခြင်းဖြစ်သည်။ ထို့ပြင် ဂရင်းလန်းကျွန်းကိုရယူနိုင်ရေးအတွက် စစ်အင်အားအသုံးပြုမည့်အခြေအနေနှင့်ပတ်သက်၍ လည်း ဒေါ်နယ်ထရမ့် က ငြင်းဆိုထားခြင်းမရှိသည့်အပြင် တစ်နည်းမဟုတ် တစ်နည်းအသုံးပြု၍ ဂရင်းလန်းကျွန်း ကို ရယူသွားမည်ဖြစ်ကြောင်းပြောသည်။ ထို့နောက် အမေရိကန်အနေဖြင့် အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်း ကျွန်းကိုလိုအပ်သောကြောင့် ဂရင်းလန်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်ကို ဆန့်ကျင်လာသည့် နိုင်ငံများအပေါ် သွင်းကုန် အခွန်ချမှတ်သွားမည်ဟု ထရမ့်က ဆက်ပြောသည်။ အလားတူ NATO တပ်ဖွဲ့အနေဖြင့် ယခုကိစ္စနှင့် ပတ်သက်၍ အမေရိကန်ကိုဆန့်ကျင်လာပါက အမေရိကန်နိုင်ငံ သည် NATO တပ်ဖွဲ့မှ နုတ်ထွက်သွားမည် ဟူသော အချက်ကို ထရမ့်ကငြင်းဆိုထားခြင်းမရှိကြောင်း RT သတင်းဌာနဖော်ပြချက် သိရသည်။