ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇၈ သန်းကျော် ရရှိထား
17 Jan
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၉ လတာကာလအတွင်း ပြည်ပသို့ ငါးမက်ထရစ်တန် ၂ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၈ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်အထိ ၉ လတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုနဲ့ နယ်စပ်ကုန်သွယ်မှုတို့ကနေ ပြည်ပသို့ ငါးတင်ပို့မှုအနေနဲ့ မက်ထရစ်တန်ချိန် စုစုပေါင်း ၂၂၇,၇၅၆ ဒသမ ၅၆၇ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၉၁၉ သန်း ရရှိတာဖြစ်ပါတယ်။ ပြည်ပသို့ မြန်မာနိုင်ငံကနေ ငါးအပါအဝင် အခြားရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ လက်ရှိဘဏ္ဍာနှစ် ၉ လတာကာလအတွင်း ရေထွက်ကုန်တင်ပို့မှု စုစုပေါင်းမက်ထရစ်တန် ၃ သိန်းကျော် တင်ပို့ခဲ့ပါတယ်။ မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျပန် စတဲ့ ပြည်ပနိုင်ငံများသို့ တင်ပို့နေပြီး ရန်ကုန်မှတစ်ဆင့် ပုံမှန်တင်ပို့တဲ့အပြင် နယ်စပ်ကုန်သွယ်မှုကလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။(NVS 004)