“ကမ္ဘာ့ရေနံစီးဆင်းမှုလမ်းကြောင်း အပြောင်းအလဲကြောင့် ဆီတင်သင်္ဘောငှားရမ်းခနှုန်းထားများ မြင့်တက်လာ”

16 Jan

အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားနိုင်ငံ၏ ရေနံကဏ္ဍကို ထိန်းချုပ်ရန်ကြိုးပမ်းလာပြီးနောက် ကမ္ဘာ့ ရေနံစီးဆင်းမှုလမ်းကြောင်းများ ပြောင်းလဲလာခြင်းကြောင့် ဒေသတွင်းဆီတင်သင်္ဘောငှားရမ်းခများမှာ နှစ်နှစ် အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း သိရသည်။ အမေရိကန်က ဗင်နီဇွဲလားသမ္မတ နီကိုလပ်မာဒူရို ကို ဖမ်းဆီးပြီးနောက် ၎င်းနိုင်ငံမှရေနံများကို အမေရိကန်ရေနံချက်စက်ရုံများသို့ တိုက်ရိုက်တင်ပို့ရန်စီစဉ်နေခြင်း ကြောင့် အလတ်စားဆီတင်သင်္ဘောများကို လိုအပ်ချက်မြင့်တက်လာခြင်းဖြစ်သည်။ ယခင်က ဗင်နီဇွဲလားမှ ရေနံ အများစုကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့သော်လည်း ယခုအခါ အမေရိကန်သို့ လမ်းကြောင်းပြောင်းလဲလာခြင်းက သင်္ဘောအငှားဈေးကွက်ကို ရိုက်ခတ်စေခြင်းဖြစ်သည်။ ကာရေဘီယံပင်လယ်မှ အမေရိကန်ပင်လယ်ကွေ့သို့ ပို့ဆောင်သည့်လမ်းကြောင်း၌ ဇန်နဝါရီလ ၁၄ ရက် တွင် ဆီတင်သင်္ဘောတစ်စင်း၏ တစ်ရက်ငှားရမ်းခမှာ အမေရိကန်ဒေါ်လာ ၇၈,၇၉၅ ဒေါ်လာအထိရှိသည်။ အလားတူ အမေရိကန်မှဥရောပသို့ ပို့ဆောင်သည့်လမ်းကြောင်းများတွင်လည်း သင်္ဘောရရှိနိုင်မှုနည်းပါးလာသဖြင့် ငှားရမ်းခများ လိုက်ပါမြင့်တက်လျက် ရှိသည်။ ယခုကဲ့သို့အခြေအနေများကြောင့် သင်္ဘောပိုင်ရှင်များအတွက် အကျိုးအမြတ်ရရှိစေသော်လည်း ကမ္ဘာ့ရေနံဈေးကွက်၌ မရေရာမှုများဖြစ်ပေါ်လာရသည်ဟု ST သတင်းဌာန ဖော်ပြချက်အရ သိရသည်။

16 Jan

ADVERTISE HERE .