“ဆွေးနွေးပွဲများအပြီးတွင် ဂရင်းလန်းကျွန်းကို ရယူလိုသည့်အစီအစဉ်အပေါ် ထရမ့်ဆက်လက်စွဲကိုင်ထား”

16 Jan

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းကျွန်းကို ဝယ်ယူရန် သို့မဟုတ် ပိုင်နက်အဖြစ် ရယူလို သည့် ၎င်း၏ရည်မှန်းချက်ကို စွန့်လွှတ်ခြင်းမရှိဘဲ ဆက်လက်စွဲကိုင်ထားကြောင်း ဇန်နဝါရီလ ၁၄ ရက်တွင် အိမ်ဖြူတော်၌ပြုလုပ်သည့် အဆင့်မြင့်တာဝန်ရှိသူများ၏ ဆွေးနွေးပွဲအပြီးတွင် ပြောသည်။ ဒိန်းမတ်နိုင်ငံနှင့် ဂရင်းလန်းကျွန်းတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အမေရိကန်တာဝန်ရှိသူများ တွေ့ဆုံရာတွင် သဘောထားကွဲလွဲမှု များရှိခဲ့သော်လည်း သမ္မတ ထရမ့် ကမူ “တစ်ခုခုတော့ ဖြစ်လာမှာပါ”ဟု အခိုင်အမာဆိုသည်။ ဂရင်းလန်းကျွန်း သည် အမေရိကန်၏အမျိုးသားလုံခြုံရေးအတွက် အရေးပါပြီး ရုရှား သို့မဟုတ် တရုတ်တို့၏ခြိမ်းခြောက်မှုကို ဒိန်းမတ်က မကာကွယ်နိုင်ကြောင်း ထရမ့်ကထောက်ပြသည်။ ထို့ပြင် NATO တပ်ဖွဲ့အနေဖြင့်လည်း အမေရိကန်၏ကြိုးပမ်းမှုကို ကူညီသင့်ကြောင်း ၎င်းက လူမှုကွန်ရက် တွင် ရေးသားထားသည်။ သို့သော် ဒိန်းမတ်နှင့် ဂရင်းလန်းအစိုးရတို့က အမေရိကန်၏ပြောဆိုချက်ကို အတိအလင်း ငြင်းဆိုထားသည်။ ဂရင်းလန်းကျွန်းကို အမေရိကန်အနေဖြင့် သိမ်းယူရန်မလိုအပ်ကြောင်း ဒိန်းမတ်နိုင်ငံခြားရေး ဝန်ကြီးကတုံ့ပြန်ပြီး ဂရင်းလန်းအစိုးရကလည်း ဥရောပသမဂ္ဂနှင့် NATO ၏အစိတ်အပိုင်းအဖြစ်သာ ဆက်လက် ရှိလိုကြောင်း ပြောသည်။ လက်ရှိတွင် အမေရိကန်လွှတ်တော်တွင်လည်း အဆိုပါကိစ္စအတွက် ရန်ပုံငွေသုံးစွဲမှုကို ကန့်သတ်ရန် ကြိုးပမ်းမှုများရှိနေသဖြင့် အငြင်းပွားဖွယ်ရာ ကိစ္စရပ်တစ်ခုဖြစ်နေဆဲဖြစ်ကြောင်း ST သတင်းဌာန ဖော်ပြချက်အရ သိရသည်။

16 Jan

ADVERTISE HERE .