“မွန်ပြည်နယ် မြသပိတ်တောင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီလ ၂၉ ရက်မှာ စတင်ကျင်းပမည်”

16 Jan

မွန်ပြည်နယ် သထုံမြို့ရှိ မြသပိတ်တောင်စေတီတော်၏ (၆၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီလ ၂၉ ရက်မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ကနေ သိရပါတယ်။ ပွဲတော်မှာ မြသပိတ်စေတီတော်ရင်ပြင်တော်နှင့် နှီးဘုရားကြီးတို့မှာ စတုဒီသာ၊ နိဗ္ဗာန်စျေးအလှူတော်၊ ထမနဲထိုးပြိုင်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ပဋ္ဌာန်းပွဲနှင့်ကြာသင်္ကန်းကပ်လှူပွဲတို့ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မြသပိတ်စေတီတော်မှာ ပဋ္ဌာန်းဖွင့်ပွဲကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက် နံနက် ၅ နာရီအချိန်မှာ ပဋ္ဌာန်းပိတ်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၃၁ ရက်နံနက် ၇ နာရီအချိန်မှာ ပဉ္စဂီရိချမ်းမြေ့စည်သီလရှင်ကျောင်းမှ ဆရာကြီး၊ ဆရာလေးများကြီးမှူး၍ အဖွဲ့အစည်းအသီးသီးမှ စုပေါင်း၍ မြသပိတ်စေတီတော်မြတ်ကြီးကို ကြာသင်္ကန်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပါတယ်။ အဲဒီနောက် မွန်းလွဲ ၁ နာရီအချိန်မှာ မြသပိတ်တောင်ခြေနှီးဘုရားကြီးအနီး မြေကွက်လပ်မှာ ထမနဲပြိုင်ပွဲ စတင်ကျင်းပမည်ဖြစ်ပြီး ညနေ ၄ နာရီခွဲမှာ ဆုပေးပွဲကျင်းပမည်ဖြစ်ကာ ပြိုင်ပွဲအပြီး ဆုပေးပွဲမတိုင်မီ နားနေချိန် အတွင်း နိဗ္ဗာန်ဈေးနဲ့ တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်၊ တပို့တွဲလပြည့်နေ့မှာ မြသပိတ်တောင်ခြေ နှီးဘုရားကြီးအနီးမှစတင်၍ ပင့်ကျောင်း ၈၀ ကျော်မှ သံဃာတော်နှင့် သီလရှင်အပါး ၃၆ဝ ကျော်တို့ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမယ်လို့ သိရပါတယ်။ (NVS 004)

16 Jan

ADVERTISE HERE .