“အမေရိကန်က တိုက်ခိုက်လာလျှင် ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်မည်ဟု အီရန် သတိပေး”
15 Jan
အမေရိကန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများပြုလုပ်လာလျှင် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်သွားမည်ဟု အီရန်အဆင့်မြင့်အရာရှိတစ်ဦးက ဇန်နဝါရီ လ ၁၄ ရက်တွင် သတိပေးသည်။ အီရန်နိုင်ငံအတွင်းဖြစ်ပွားနေသော ဆန္ဒပြပွဲများကို အမေရိကန်အနေဖြင့် ဝင်ရောက်စွက်ဖက်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့် က ခြိမ်းခြောက်ပြောဆိုလာပြီးနောက် အီရန်အစိုးရဘက်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ အီရန်အစိုးရအဖွဲ့သည် ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် တူကီယဲနိုင်ငံတို့အပါအဝင် ဒေသတွင်းရှိအိမ်နီးချင်းနိုင်ငံများကိုလည်း ၎င်းတို့၏နယ်မြေအတွင်းရှိ အမေရိကန် စစ်စခန်းများ တိုက်ခိုက်ခံရနိုင်ကြောင်း ကြိုတင်အသိပေးထားပြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်က လုပ်ဆောင်လာနိုင်သော တိုက်ခိုက်မှုများကို ဟန့်တားပေးရန် အီရန် အရာရှိများက အဆိုပါအိမ်နီးချင်းနိုင်ငံများကို တောင်းဆိုထားသည်။ လက်ရှိတွင် အီရန်နိုင်ငံအတွင်း ဆန္ဒပြပွဲများ ကြောင့် သေဆုံးသူစုစုပေါင်း ၂,၅ဝဝ ကျော်အထိ မြင့်တက်နေပြီး အခြေအနေများမှာတင်းမာနေဆဲ ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော ဒေသတွင်းတင်းမာမှုများကြောင့် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန် အထူး ကိုယ်စားလှယ်တို့ကြား တိုက်ရိုက်ဆက်သွယ်မှုများသည်လည်း ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း AGC သတင်းဌာန ဖော်ပြချက်အရ သိရသည်။