“အရည်အသွေးမြင့်ဝါမျိုးများ ထုတ်လုပ်ရန် မြန်မာ - ပါကစ္စတန် နှစ်နိုင်ငံဆွေးနွေး”
15 Jan
ဂွမ်းမွေးအရည်အသွေးမြင့် ဝါမျိုးများထုတ်လုပ်ရန်အတွက် စပ်မျိုးဝါမျိုးစေ့ထုတ်လုပ်ခြင်းနှင့် ဇီဝနည်းပညာ အသုံးပြု၍ ဝါမျိုးသစ်များထုတ်လုပ်ရန် မြန်မာ - ပါကစ္စတန် နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim ကို နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ်ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံစဉ် နှစ်နိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံထွက်ကုန်များ ကုန်သွယ်မှုမြှင့်တင်နိုင်ရေး၊ ပိုးမွှားဒဏ်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိသော ဂွမ်းမွေးအရည်အသွေးမြင့် ဝါမျိုးများထုတ်လုပ်ရန်အတွက် စပ်မျိုး ဝါမျိုးစေ့ထုတ်လုပ်ခြင်းနှင့် ဇီဝနည်းပညာအသုံးပြု၍ ဝါမျိုးသစ်များထုတ်လုပ်ခြင်း၊ နို့စားကျွဲမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး၊ အသားထွက်ပစ္စည်းထုတ်လုပ်မှုနှင့် စျေးကွက်ချဲ့ထွင်ခြင်းဆိုင်ရာနည်းပညာများ အပါအဝင် သုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)