“ခွင့်ပြုချက်မရှိဘဲ သံရုံးများ/အဖွဲ့အစည်းများနှင့် လျှို့ဝှက်စွာတွေ့ဆုံခြင်းကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တို့ကို ဥပဒေနှင့်အညီအရေးယူမည်”

15 Jan

ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်အချို့နှင့် Mask တပ်ဆင်ပြီး တရားမဝင်လျှို့ဝှက်တွေ့ဆုံခဲ့တဲ့ ပြည်သူ့ရှေ့ဆောင် ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင် တို့ကို ဥပဒေနှင့်အညီ အရေးယူသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဇန်နဝါရီလ ၁၄ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင် တို့က UEC ထံခွင့်ပြုချက်တင်ပြခြင်းမရှိဘဲ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခု၌ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်အချို့နှင့် Mask တပ်ဆင်ပြီး တရားမဝင်လျှို့ဝှက်တွေ့ဆုံခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ သံရုံးများ/အဖွဲ့အစည်းများနှင့် လျှို့ဝှက်စွာတွေ့ဆုံလျက်ရှိကြောင်း သိရှိရသဖြင့် UEC ထံတင်ပြခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံရန်နှင့် ခွင့်ပြုချက်မရရှိဘဲတွေ့ဆုံပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ နှင့်အညီဆောင်ရွက်မည်ဖြစ်ကြောင်း UEC က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်စွဲပါ စာအမှတ်၊ ၅/နငရ-ကြီးကြပ် (၂၀၁)/ကမရ ဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသို့ လိပ်မူ၍ သတိပေးအကြောင်းကြား ခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဥ်ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ မှန်ကန်ကြောင်းတွေ့ရှိရတဲ့အပြင် ဒေါက်တာ သက်သက်ခိုင် နှင့် ဒေါ်ထက်ထက်လှိုင် တို့မှ မှန်ကန်ကြောင်းဝန်ခံထွက်ဆိုခဲ့တာကြောင့် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွား မယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 004)

15 Jan

ADVERTISE HERE .