“အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက နိုင်ငံရေးအမည်ခံကာ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုတွေ လုပ်ဆောင်ခဲ့”
15 Jan
ပင်လယ်ပြင်တွင် ဖမ်ဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးအများစုက AA လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်း သူအဖွဲ့နှင့် ပတ်သက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောကြားခဲ့ပါတယ်။ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ရာမှာ EAO အမည်ခံသောင်းကျန်းသူအဖွဲ့များနှင့် အကြမ်းဖက်သမားများက နိုင်ငံအတွင်း တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းချသောအလုပ်များကို ဝင်ငွေရလမ်းအဖြစ် လုပ်ဆောင်ခဲ့တာကြောင့် အကြမ်းဖက်လုပ်ငန်းများကို ထောက်ပံ့သလိုဖြစ်စေပြီး နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးထုတ်လုပ်နိုင်သည့် ဓာတုဆေးဝါးများ ထုတ်နိုင်ခြင်းမရှိဘဲ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များက ပြည်ပနိုင်ငံများကနေ ချိတ်ဆက် သယ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ယူဖြန့်ဖြူးရောင်းချရာတွင် AA အကြမ်းဖက်အဖွဲ့က ပင်လယ်ထွက်ပေါက် များမှ လည်းကောင်း၊ KNU၊ KNLA၊ PDF အဖွဲ့များက ထိုင်းနိုင်ငံမှလည်းကောင်း၊ PDF၊ CNF အဖွဲ့များက အိန္ဒိယနိုင်ငံမှ လည်းကောင်း အသီးသီးလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး တစ်မျိုးသားလုံးကို လူညွန့်တုံးစေနိုင်တဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းချတဲ့လုပ်ငန်းများနှင့် အွန်လိုင်း လိမ်လည်လောင်းကစားမှု လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အမြစ်ပြတ်တိုက်ဖျက်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိတဲ့အခြေအနေများနှင့် ယခုဖမ်းဆီး ရမိတဲ့ မူးယစ်ဆေးဝါးဖြစ်စဉ်များမှာ အဓိကပါဝင်ပတ်သက်လျက်ရှိတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောကြားခဲ့ ပါတယ်။ ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သံတမန်များနှင့် သတင်းမီဒီယာအဖွဲ့များ၏ သိရှိလိုတာများကို ဖြေကြားပေးခဲ့ပါတယ်။ (NVS 004)