“မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆင်ခြင်သုံးသပ်နိုင်မှု၊ လွတ်လပ်မှု၊ တရားမျှတမှုတို့အပေါ် ယုံကြည်မှုအပြည့်အဝရှိ”

14 Jan

မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆင်ခြင်သုံးသပ်နိုင်မှု၊ လွတ်လပ်မှု၊ တရားမျှတမှုတို့အပေါ် ယုံကြည်မှုအပြည့်အဝရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဂမ်ဘီယာနိုင်ငံနှင့် တရားရင်ဆိုင်နေခြင်းကို အပြည်ပြည်ဆိုင်ရာဥပဒေနှင့် တရားရုံး၏ အခန်းကဏ္ဍကို အလေးထားယုံကြည်ကြောင်းပြသတဲ့အနေနဲ့ ကြားနာပွဲတက်ရောက်လျက်ရှိခြင်းဖြစ်ကာ အမှုစတင်တဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလကပင် တရားရုံးနှင့် အပြုသဘောပူးပေါင်းဆောင်ရွက်ခြင်း၊ တရားစီရင်မှုအဆင့်အားလုံးမှာ ပါဝင်ရင်ဆိုင်ခြင်း၊ တရားရုံးကချမှတ်သည့် အမိန့်များ၊ တရားစီရင်ရေးဆိုင်ရာများကို လိုက်နာဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်များကို အပြည့်အဝလေးစားလိုက်နာခဲ့ပြီး တရားရုံးက သတ်မှတ်ထားတဲ့ ကာလအလိုက်အစီရင်ခံစာများ တင်သွင်းခဲ့ကာ ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်သည်ဟုစွပ်စွဲခံထားရခြင်းကြောင့် အဆိုပါတရားစီရင်မှုက မြန်မာနိုင်ငံအတွက် အလွန်အရေးကြီး ကြောင်း ဖော်ပြခဲ့ပါတယ်။ တရားရုံးအနေနဲ့ သက်သေအထောက်အထားများကို ဓမ္မဓိဋ္ဌာန်ကျစွာသုံးသပ်ပြီး လူမျိုးသုဉ်းစေမှုကို တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာသဘောတူစာချုပ်ပါ ဥပဒေမူဘောင်များနှင့် အချက်အလက်မှန်များကို အခြေခံ၍ တရားမျှတပြီးမှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်နိုင်မည်ကို ယုံကြည်ပြီး ဂမ်ဘီယာနိုင်ငံ၏ ပထမ အကျော့ လျှောက်လဲချက်များအပြီး ဇန်နဝါရီလ ၁၆ ရက်မှစ၍ မြန်မာနိုင်ငံအနေနဲ့ ဂမ်ဘီယာ၏ စွပ်စွဲချက်များက အချက်အလက်အရနှင့် ဥပဒေကြောင်းအရ မှန်ကန်မှုရှိသောအချက်အလက်များမဟုတ်ကြောင်းကို ခိုင်မာတဲ့ သက်သေအထောက်အထား အစုံအလင်ဖြင့် တရားရုံးသို့လျှောက်လဲသွားမည်ဟု အသိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်များကို တရားရုံးရှေ့မှောက်မှာ ဥပဒေကြောင်းအရ ကျိုးကြောင်းချက်လက် ခိုင်လုံစွာနဲ့ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကာ မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေနယ်ပယ်၌ တရားဥပဒေ စိုးမိုးမှုရှိရေးအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးအပေါ် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အလေးအနက်ထား ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာထောက်ထားမှုနှင့် နေရပ်စွန့်ခွာ သူများအရေး ဆောင်ရွက်နိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အခြားနိုင်ငံတကာ မိတ်ဆွေများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မည်သည့်အခက်အခဲများ ကြုံတွေ့စေကာမူ မြန်မာနိုင်ငံအနေနဲ့ ယင်းကိစ္စ အောင်မြင်မှုရရှိရန် ဆက်လက်ဆောင်ရွက်သွားမယ်လို့ အသိပေးခဲ့ပါတယ်။ (NVS 004)

14 Jan

ADVERTISE HERE .