“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ လူငယ်ကိုယ်စားလှယ်ပေါင်း ၃၂၀ တက်ရောက်”

14 Jan

နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ဇန်နဝါရီလ ၁၃ ရက်မှာ ကျင်းပပြုလုပ်လျက်ရှိသော လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ လူငယ် ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော်တက်ရောက်ကြောင်း သိရပါတယ်။ အဆိုပါလူငယ်ကိုယ်စားလှယ်များမှာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အလွှာအသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ လူထုအခြေပြုအဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းလူငယ်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် NGO လူငယ်ကွန်ရက် အဖွဲ့များမှ လူငယ်များ၊ တိုင်းရင်းသားယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးမှ လူငယ် ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-SEAOs)မှ လူငယ်ကိုယ်စားလှယ်များ၊ JMC မှ လူငယ်ကိုယ်စားလှယ်များ၊ နယ်စပ်ဒေသများမှ တိုင်းရင်းသားလူငယ်များ၊ စာပေနှင့် ဂီတအနုပညာရှင် လူငယ်ကိုယ်စားလှယ်များ ဖြစ်ပါတယ်။ အဆိုပါလူငယ်ကိုယ်စားလှယ်များက ငြိမ်းချမ်းရေးအသိပညာများ၊ အတွေ့အကြုံများလက်ဆင့်ကမ်းခြင်း၊ လက်နက်ကိုင်ပဋိပက္ခများရပ်တန့်ရေးနှင့် နိုင်ငံတည်ဆောက်ရေးမှာ လူငယ်များ၏ ပါဝင်မှုအခန်းကဏ္ဍ၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းမြှင့်တင်ခြင်းမှာ လူငယ်များ၏အခန်းကဏ္ဍ၊ ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေးဆိုင်ရာ အကြံဉာဏ်များဖော်ထုတ်ခြင်းနှင့် ရယူခြင်း၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ မြှင့်တင်ခြင်းအစီအစဉ်များ ဖော်ထုတ်ခြင်း၊ လူမျိုးပေါင်းစုံအတူယှဉ်တွဲနေထိုင်ရေးကို အားပေးတဲ့ ယဉ်ကျေးမှုဖလှယ်ရေးနှင့် အားကစားအစီအစဉ်များ၊ စီးပွားရေးနှင့်အလုပ်အကိုင် အခွင့်အလမ်းများ၊ စွန့်ဦးတီထွင်မှုနှင့် နည်းပညာအခြေပြုစီးပွားရေးဆိုင်ရာ အတွေးအခေါ်များဖော်ထုတ်ခြင်း၊ လူငယ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူငယ်နှင့် နည်းပညာသက်ရောက်မှုများ၊ ဆိုက်ဘာ၊ လူမှုကွန်ရက်၊ Online Security၊ AI စနစ်ထူထောင်ရေးနှင့် ကွန်ရက်အဖွဲ့များ၊ ထိရောက်သောသတင်းမှန်ပြန်ကြားရေး စတဲ့ ခေါင်း‌စဉ် ၁၀ ခုနဲ့ ၃ ရက် တိုင်တိုင် ကဏ္ဍအလိုက်အပြုသဘောဆောင် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်မှစတင်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ(NSPNC)မှဦးစီးကာ “ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက်ရေးလူငယ်များပါဝင်မှုကိုမြှင့်တင်ပေး”ခေါင်းစဉ် နဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026)ကို နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ တွင် ကျင်းပလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

14 Jan

ADVERTISE HERE .