“သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး (၇၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်”
14 Jan
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ၌ တည်ထားကိုးကွယ်သော ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင်သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီလ ၂၆ ရက်မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ရက်များအတွင်း အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်အထိ နံနက် ၇ နာရီတွင် ထမနဲထိုးပွဲများကျင်းပသွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၃၁ ရက် နံနက် ၅ နာရီခွဲမှာ မြတ်စွာဘုရားအား ရည်မှန်း၍ ဆွမ်းတော်ကြီးကပ်လှူပူဇော်သွားမှာဖြစ်ပြီး နံနက် ၈ နာရီတွင် စေတီတော်အတွင်း၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်ကြီးဦးဆောင်သော စေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ပင့်သံဃာ ၄၅ ပါးတို့ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူ ပူဇော်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချမည်ဖြစ်ကာ နံနက် ၉ နာရီတွင် မြတ်စွာဘုရားရှင်နှင့် အဂ္ဂသာဝက အရှင်မြတ်ကြီးနှစ်ပါးတို့အား အမှူးထား၍ ပင့်သံဃာ ၄၅ ပါး စုစုပေါင်း ၄၈ ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါဗုဒ္ဓပူဇနိယပွဲတော်တွင် ထမနဲဆွမ်းအလှူ၊ ဆွမ်းတော်ကြီးအလှူ၊ ဆွမ်းဆန်စိမ်း အလှူနှင့် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာအလှူများကိုလည်း မည်သူမဆိုပါဝင်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)