၂၀၂၅ ခုနှစ်အတွင်း ရွှေ့ပြောင်းနေထိုင်ခြင်းမဟုတ်သော ဗီဇာ ၁၀၀,၀၀၀ ကျော်ကို အမေရိကန်ရုပ်သိမ်းခဲ့
13 Jan
၂၀၂၅ ခုနှစ်အတွင်း ရွှေ့ပြောင်းနေထိုင်ခြင်းမဟုတ်သော ဗီဇာ ၁၀၀,၀၀၀ ကျော်ကို ရုပ်သိမ်းခဲ့ကြောင်း၊ ယင်းအနက် ကျောင်းသားဗီဇာ ၈,၀၀၀ ခန့်နှင့် နည်းပညာလုပ်သားဗီဇာ ၂,၅၀၀ ခန့် ပါဝင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ဗီဇာရုပ်သိမ်းခံရသော ကျောင်းသားများနှင့် နည်းပညာလုပ်သားများအားလုံးသည် ဥပဒေစိုးမိုးရေးဌာန များတွင် ပြစ်မှုမှတ်တမ်းများရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ အမေရိကန် ဘေးကင်းလုံခြုံရေးအား သေချာစေရန်အတွက် ဤအကြမ်းဖက်များကို ဆက်လက်နှင်ထုတ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်သည် စုစုပေါင်း ဗီဇာ ၄၀,၀၀၀ ခန့် ရုပ်သိမ်းခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ရုပ်သိမ်းခံရသော ဗီဇာအရေအတွက်မှာ ၂၀၂၄ ခုနှစ်၏ နှစ်ဆကျော်ဖြစ်ကြောင်း Fox News ချန်နယ်၏ သတင်းဖော်ပြမှုအရ သိရသည်။ ၂၀၂၅ ခုနှစ်အတွင်း ဗီဇာရုပ်သိမ်းခံရသော လူအများစုမှာ စီးပွားရေးဗီဇာနှင့် အလည်အပတ်ဗီဇာဖြင့် သက်တမ်း ကျော်လွန် နေထိုင်ကြခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် အရက်သောက်၍ ယာဉ်မောင်းနှင်ခြင်း၊ တိုက်ခိုက်မှု၊ ခိုးယူမှု စသည့် ပြစ်မှုများကြောင့် လူအများအပြား ဗီဇာရုပ်သိမ်းခံခဲ့ရသည်။ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ထရမ့်အစိုးရက သက်တမ်းရှိသော အမေရိကန်ဗီဇာကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများအားလုံးအပေါ် စိစစ်ပြီး စည်းကမ်းချိုးဖောက်မှု တစ်စုံတစ်ရာတွေ့ရှိပါက ဗီဇာရုပ်သိမ်းခြင်း သို့မဟုတ် ပြည်နှင်ခြင်းစသည့် အစီအမံများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။