စီးပွားရေးအခက်အခဲများကို ကောင်းမွန်စွာဖြေရှင်းရန် စိတ်ပိုင်းဖြတ်ထား၊ အဓိကရုဏ်းများက အမေရိကန်-အစ္စရေး ပူးပေါင်းကြံစည်မှုဖြစ်ကြောင်း အီရန်သမ္မတဆို
13 Jan
အီရန်အစိုးရသည် ပြည်သူများ၏တောင်းဆိုချက်ကို အထူးအလေးထားနားထောင်ကာ အီရန်ပြည်သူများ ရင်ဆိုင်နေရသော စီးပွားရေးအခက်အခဲများကို ကောင်းမွန်စွာဖြေရှင်းရန် စိတ်ပိုင်းဖြတ်ထားကြောင်း၊ သို့သော် အီရန်၌ မငြိမ်မသက်မှုများဖန်တီးရန် အမေရိကန်နှင့် အစ္စရေးတို့က “အဓိကရုဏ်းသမားများ” အား လှုံ့ဆော်ခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်း အီရန်နိုင်ငံသမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် က အီရန်အမျိုးသားရုပ်သံလိုင်း၏ ဇန်နဝါရီလ ၁၁ ရက်က ထုတ်လွှင့်သော မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ အီရန်အစိုးရတွင် ဆန္ဒပြပြည်သူများနှင့် ဆွေးနွေးရန်တာဝန်ရှိပြီး ပြည်သူများ၏ တောင်းဆိုချက်နှင့် စိုးရိမ်ပူပန် မှုများကို သိရှိနားလည်ခြင်းဖြင့် အစိုးရက စီးပွားရေးအခက်အခဲများကို ဖြေရှင်းရာတွင် ကူညီပေးရန် ၎င်းကိုယ်တိုင်ပင် ပြည်သူ့ကိုယ်စားလှယ်တစ်ချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ပါဇက်ရှ်ကီရမ် က ပြောကြားခဲ့သည်။ လတ်တလောတွင် အီရန်၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်းများနှင့် အများပြည်သူအဆောက်အအုံများအား ဖျက်ဆီးခြင်း စသည့်လုပ်ရပ်များသည် အမေရိကန်နှင့် အစ္စရေး၏ ပူးပေါင်းကြံစည်မှုဖြစ်ပြီး တရားခံမှာ “ဆန္ဒပြသူ မဟုတ်ဘဲ အဓိကရုဏ်းတွင်ပါဝင်သူ” ဖြစ်ကြောင်း ပါဇက်ရှ်ကီရမ် က ဖြည့်စွက်ပြောကြားခဲ့သည်။ သွေးချင်းများ အားလုံး စည်းလုံးညီညွတ်ကြပြီး ဖျက်ဆီးမှုလုပ်ရပ်များကို အခိုင်အမာဖယ်ကြဉ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။ မကြာသေးမီရက်က အီရန်တွင် ကုန်ဈေးနှုန်းများမြင့်တက်မှုနှင့် ငွေကြေးတန်ဖိုးကျဆင်းမှုတို့ကြောင့် ဆန္ဒပြ လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ပြီး နေရာအများအပြားတွင် အဓိကရုဏ်းဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးသူများ ရှိခဲ့ကြောင်း သိရသည်။