အီရန်ကို စွက်ဖက်မည့်အစီအစဉ်များအား အမေရိကန်အစိုးရ ဇန်နဝါရီလ ၁၃ ရက်တွင် ဆွေးနွေးမည်ဟု အမေရိကန်မီဒီယာကဆို

13 Jan

ဆိုက်ဘာတိုက်ခိုက်မှု၊ ပိတ်ဆို့အရေးယူမှုနှင့် စစ်ရေးတိုက်ခိုက်မှု စသည်တို့အပါအဝင် အီရန်အပေါ် အမေရိကန်၏ နောက်တစ်ဆင့်အစီအမံများကို အမေရိကန်သမ္မတ ထရမ့် က အစိုးရအဆင့်မြင့်အရာရှိများနှင့် ဇန်နဝါရီလ ၁၃ ရက်တွင် ဆွေးနွေးသွားရန်စီစဉ်ထားကြောင်း၊ သို့သော် ယင်းဆွေးနွေးပွဲတွင် ထရမ့် အနေဖြင့် နောက်ဆုံး ဆုံးဖြတ်ချက်ချမည်မဟုတ်ဟု ခန့်မှန်းရကြောင်း The Wall Street Journal က ဇန်နဝါရီ ၁၁ ရက်တွင် အမည်မဖော်လိုသော အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ ဖော်ပြထားသည်။ အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Marco Rubio၊ ကာကွယ်ရေးဝန်ကြီး Pete Hegseth၊ ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ Dan Caine တို့ ဆွေးနွေးပွဲတက်ရောက်မည်ဟု ခန့်မှန်းရပြီး အီရန်အစိုးရဆန့်ကျင်ရေး ဝက်ဘ်ဆိုက်အရင်းအမြစ်များကို ထပ်တိုးခြင်း၊ အီရန်စစ်ရေးနှင့် အရပ်ဘက်သုံးပစ်မှတ်များကို ဦးတည်၍ လျှို့ဝှက် ဆိုက်ဘာလက်နက်များ ဖြန့်ကြက်ခြင်း၊ အီရန်အစိုးရအပေါ် ပိုမိုများပြားသော အရေးယူပိတ်ဆို့ခြင်းနှင့် စစ်ရေး တိုက်ခိုက်မှုပြုလုပ်ခြင်း စသည့်အစီအမံများကို ထရမ့် နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထား သည်။ အမေရိကန်၏ မည်သည့်တုံ့ပြန်မှုမဆို အရှေ့အလယ်ပိုင်းဒေသ အခြေအနေတင်းမာမှုကို ပို၍ဆိုးရွားစေနိုင်ပြီး အမေရိကန်၊ အီရန်နှင့် အစ္စရေး တို့အကြား တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်စေနိုင်မည်ကို အမေရိကန်အစိုးရ အရာရှိအချို့က စိုးရိမ်ကြကြောင်း သတင်းတွင်ဖော်ပြထားသည်။ အကယ်၍ အီရန်အပေါ် အမေရိကန်က စစ်ရေးတိုက်ခိုက်မည်ဆိုလျှင် ပင်တဂွန်စစ်ဌာနချုပ်က အရင်းအမြစ် ဖြန့်ကြက်ရန်နှင့် စစ်အင်အားစုစည်းရန် လိုအပ်သလို အရှေ့အလယ်ပိုင်းဒေသတွင် တပ်စွဲထားသော အမေရိကန် စစ်တပ်အား ကာကွယ်ရန်လိုအပ်သေးကြောင်း၊ သို့သော် ပင်တဂွန်စစ်ဌာနချုပ်သည် ယမန်နှစ်က USS Gerald R. Ford လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုကို မြေထဲပင်လယ်မှ ကာရေဘီယံပင်လယ်သို့ ရွှေ့ပြောင်းထားခြင်း ကြောင့် လက်ရှိ အမေရိကန်စစ်တပ်တွင် အရှေ့အလယ်ပိုင်းနှင့် ဥရောပတိုက်ဒေသ၌ လေယာဉ်တင်သင်္ဘောမရှိ ဖြစ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။ အကယ်၍ အီရန်ကို အမေရိကန် စတင်တိုက်ခိုက်မည်ဆိုလျှင် အီရန်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေးနှင့် အမေရိကန်၏ စစ်အခြေစိုက်စခန်းများကို “တရားဝင်ပစ်မှတ်များ” အဖြစ် ရှုမြင်ကာ တန်ပြန်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က ဇန်နဝါရီလ ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း အခြားသတင်းများအရ သိရသည်။

13 Jan

ADVERTISE HERE .