အမေရိကန်၏လုပ်ရပ်များက ‘ပြစ်မှုကျူးလွန်ခြင်းနှင့် ထိန်းမနိုင်သိမ်းမရ ဗိုလ်ကျခြင်း’ နှင့် အလားတူကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
13 Jan
အမေရိကန်၏ ခြိမ်းခြောက်မှုပြောကြားချက်များကို တုံ့ပြန်သောအားဖြင့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez က အမေရိကန်၏လုပ်ရပ်များသည် “ပြစ်မှုကျူးလွန်ခြင်းနှင့် ထိန်းမနိုင်သိမ်းမရ ဗိုလ်ကျခြင်း” ဖြစ်ရာ ကျူးဘားသာမက အနောက်ကမ္ဘာဘက်ခြမ်း၏ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုပါ ခြိမ်းခြောက်နေပြီး ကမ္ဘာ တစ်ခုလုံးကိုလည်း အန္တရာယ်ဖြစ်စေကြောင်း လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ Rodriguez က ကျူးဘားအစိုးရသည် အမေရိကန်နှင့်မတူဘဲ ကြေးစားတပ်သားများ ခန့်အပ်ခြင်းလုပ်ရပ်များ ဘယ်သောအခါမျှမရှိခဲ့သလို ခြိမ်းခြောက်ငွေညှစ်ခြင်း သို့မဟုတ် စစ်ရေးနည်းလမ်းသုံး၍ တစ်ပါးနိုင်ငံအပေါ် အတင်းအကျပ်ဖိအားပေးခြင်း မရှိခဲ့ကြောင်းပြောကြားခဲ့သည်။ အခြားသောနိုင်ငံများ အားလုံးနှင့်အတူ ကျူးဘားနိုင်ငံ သည် လောင်စာတင်ပို့ရန်ဆန္ဒရှိသော ဈေးကွက်မှ လောင်စာတင်သွင်းခွင့် အပြည့်အဝရှိပြီး ယင်းဈေးကွက်များမှာ ၎င်းတို့ကိုယ်ပိုင်အခွင့်အရေးဖြင့် ကုန်သွယ်မှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ခြင်းဖြစ်ရာ အမေရိကန် တစ်ဖက်သတ် အတင်းအကျပ်အစီအမံများ၏ သက်ရောက်မှုကို ခံရမည်မဟုတ်ကြောင်း ၎င်းက အလေးအနက်ထား ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ထရမ့် က ဇန်နဝါရီလ ၁၁ ရက်တွင် ကျူးဘားအပေါ် ထပ်မံဖိအားပေးကာ ကျူးဘား အနေဖြင့် “သဘောတူညီမှု” အမြန်ဆုံးမရရှိလျှင် ကျူးဘားနိုင်ငံအတွင်းသို့ “ရေနံ သုည၊ ငွေအရင်းအနှီး သုည” ဖြစ်မည့်အခြေအနေနှင့် ရင်ဆိုင်ရမည်ဟု ခြိမ်းခြောက်ခဲ့သည်။ နှစ်ကာလများတစ်လျှောက် ကျူးဘားသည် ဗင်နီဇွဲလားမှထောက်ပံ့သော ရေနံအမြောက်အမြားနှင့် ငွေအရင်းအနှီးများကို အစဉ်မှီခိုအားထားခဲ့ကြောင်း၊ အပြန်အလှန်အဖြစ် ကျူးဘားက ဗင်နီဇွဲလားအား “လုံခြုံရေးဝန်ဆောင်မှု” ပေးအပ်ခဲ့ကြောင်း ထိုနေ့တွင် လူမှုမီဒီယာ တွင် ရေးသားဖော်ပြခဲ့သည်။ ယင်းသို့သောဆက်ဆံရေးမှာ “အခု အဆုံးသတ်သွားပြီ” ဟု ထရမ့် က ဆိုခဲ့သည်။